Local News

ရန်ကုန်ကို မီးပေးရေး ထိုင်းကုမ္ပဏီနှင့် မြန်မာ သဘောတူ

အလုံမြို့နယ်တွင် လျှပ် စစ် ၃၆၅ မဂ္ဂါဝပ်ထုတ်လုပ်မည့် LNG (သဘာဝဓာတ်ငွေ့ရည်)သုံးဓာတ်အားပေး စက်ရုံအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး စာချုပ်ကို အစိုးရနှင့် ကုမ္ပဏီကြား ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကုမ္ပဏီဘက်က စီမံကိန်းဖြစ်နိုင်ခြေနှင့် မြေယာကိစ္စများ နှစ်နှစ်ကြာဆောင်ရွက်ပြီးနောက် စာချုပ်ချုပ်နိုင်ခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြောသည်။

ထိုစီမံကိန်းကို ဂျပန်-ထိုင်းဖက်စပ်ကုမ္ပဏီ TTCL ကုမ္ပဏီ က လုပ်ကိုင်ခွင့်ရထားပြီး ၎င်းသည်ဂျပန် Toyo Engineering ကော်ပိုရေးရှင်းက ရှယ်ယာ ၄၉ ရာခိုင်နှုန်း နှင့် အီတာလျံ-ထိုင်းကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင် ထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းသည် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၈ဇန်နဝါရီ ၃၀ ရက်တွင် စီမံကိန်း စတင်နိုင်ကြောင်း ခွင့်ပြုပေးခဲ့ သည့် LNG စီမံကိန်းကြီးသုံးခုအ နက်မှ တစ်ခုဖြစ်သည်။

‘‘အခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့အ တွက် စီမံကိန်းအနီးအနားရှိ ဒေသခံ ပြည်သူလူထုများအနေနဲ့ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကာလနဲ့ ထုတ်လုပ်မောင်းနှင်နေတဲ့ ကာလ တို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်’’ဟု ဦးဝင်း ခိုင်က ပြောသည်။

စီမံကိန်းကို လာမည့် သုံးနှစ် အတွင်း စီးပွားဖြစ်စတင်ထုတ် လုပ်ရမည်ဖြစ်ပြီး ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အသုံးချ ဆောင်ရွက်ရမည်ဟု ပြည်ထောင် စုဝန်ကြီးက ဆိုသည်။

ထိုစီမံကိန်းသည် ဒေါ်လာ သန်း ၃၂၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အလုံ-လှိုင်သာယာ ၂၃၀ကေဗီ ဓာတ်အားလိုင်းလည်း ပါဝင်မည်ဖြစ်သည်။

ဒီချုပ်အစိုးရလက်ထက်တွင် ဒေါ်လာငါးဘီလီယံတန်ဖိုးရှိသည့် LNG စီမံကိန်းလေးခုကို ၂၀၁၈ ဇန်နဝါရီတွင် စီမံကိန်းစတင်နိုင် ကြောင်း (Notice to Proceed) ထုတ်ပေးခဲ့သည်။

LNG စီမံကိန်းလေးခုသည် ထားဝယ်၊ ကံပေါက်ဒေသတွင် ပြင်သစ် Total ကုမ္ပဏီနှင့် ဂျာမနီ Siemens ကုမ္ပဏီတို့မှ မဂ္ဂါဝပ် ၁,၂၃၀ စီမံကိန်း၊ ဧရာဝတီတိုင်း မီးလောင်ချိုင့်တွင် တရုတ် Zhefuနှင့် ပြည်တွင်း Supreme ကုမ္ပဏီတို့၏ မဂ္ဂါဝပ် ၁,၃၉၀ စီမံကိန်း၊ ရန်ကုန်တိုင်း အလုံတွင် TTCL ကုမ္ပဏီက ၃၆၅ မဂ္ဂါဝပ် စီမံကိန်းနှင့် ကျောက်ဖြူတွင် တရုတ် Sino-hydro နှင့် ပြည်တွင်း Supreme ကုမ္ပဏီတို့၏ ၁၃၅ မဂ္ဂါဝပ် ထုတ် လုပ်မည့် စီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းလေးခုအနက် ကံပေါက်စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် မဂ္ဂါဝပ် ၃,၄၅၀ ရှိပြီး လာမည့်သုံးနှစ်၌ အနည်းဆုံးလျှပ်စစ် မဂ္ဂါဝပ် ၃,၀၀၀ ကျော်လိုအပ်မည်ဖြစ်သည်။ လက်ရှိ တွင် ရေအားလျှပ်စစ်မှ ၆၀ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၄၀ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲနေသည်။

၂၀၂၁ တွင် ပြည်တွင်းဓာတ် ငွေ့ထုတ်လုပ်မှုကျဆင်းလာမည် ဖြစ်၍ လက်ရှိ သဘာဝဓာတ်ငွေ့ မှ ထုတ်ယူနေသည့် မဂ္ဂါဝပ် ၁,၄၀၀ကျော်လည်း ရပ်သွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်တွင် ပြောထား သည်။ credit

ref ; 7DaysNews