Celebrity

G Fatt နဲ့ ပတ်သတ်ပြီး အစ အနောက်ခံနေရတာတွေကို အရည်ထူသွားပြီးဆိုတဲ့ နန်းစုရတီစိုး

နန်းစုရတီစိုးကတော့ ဂီတဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ အနုပညာရှင် တစ်ဦးပါ။ အဆိုတော် G Fatt နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီးနောက်ပိုင်းမှာလည်း ပရိတ်သတ်တွေက သူတို့ သူမရဲ့ အနုပညာအလုပ်တွေအပြင် သူမရဲ့ အချစ်ရေးကိုပါ အားပေးခဲ့ကြပါတယ်။

အခုအခါမှာ G Fatt နဲ့ လမ်းခွဲခဲ့ပြီးဖြစ်တာ ကာလတစ်ခုကြာခဲ့ပြီဖြစ်ပေမယ့်လည်း သူမ ကို ဆိုရှယ်မီဒီယာပေါ်မှာ စတာ နောက်တာတွေ ၊ troll တာတွေရှိနေတုန်းပါ။ အထူးသဖြင့် G Fatt နဲ့ လမ်းမခွဲခင်က ထွက်ခဲ့တဲ့ “ရူးအောင်ချစ်မယ့်သူ” သီချင်းနဲ့ပတ်သက်ပြီး စနောက်ပြောဆိုမှုတွေ အတော်လေးများပြားနေတာပါ။

အဲ့ဒီလို အစ အနောက်ခံနေရတဲ့အပေါ်မှာ နန်းစုရတီစိုးက အခုလိုပြောပြပါတယ်။

“ ရူးအောင်ချစ်မယ်သူ သီချင်းနဲ့ အစ အနောက် ခံနေရတာတော့ သိပ်မထူးဆန်းတော့ပါဘူး။ စတဲ့ နောက်တဲ့ သူတွေက အရမ်းများတော့ နှလုံးသားက ထုံသွားပြီပေါ့နော်။ မအံ့ဩနိုင်တော့ဘူး။ ဒီသီချင်းကြားတိုင်း နန်းစုနဲ့ အမြဲတွဲမြင်ပြီး စကြ နောက်ကြ သလိုဖြစ်နေတာပေါ့” လို့ ဆိုပါတယ်။

G Fatt နဲ့ လမ်းမခွဲခင်က ထွက်ရှိခဲ့တဲ့ ရူးအောင်ချစ်မယ့်သူ ၊ အကယ်၍လက်ထပ်ဖြစ်ခဲ့ကြရင် အစရှိတဲ့ သီချင်းတွေနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှ ထွက်လာတဲ့ အလွမ်းရာသီ သီချင်းတို့ရဲ့ music video ရိုက်ကူးမှုတွေဟာ ပုံစံဆင်တူနေတဲ့အပေါ်မှာလည်း တမင်တကာ တူအောင် ပြုလုပ်ထားတာမဟုတ်ဘဲ တိုက်ဆိုင်မှုဖြစ်ကြောင်း နဲ့ သေသေချာချာကြည့်ရင် ကွဲပြားမှုတွေရှိတာ မြင်မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ရူးအောင်ချစ်မယ့်သူ music video ထဲမှာပါဝင်တဲ့ သရုပ်ဆောင်ဟာ အားလုံးသိပြီးထားတဲ့အတိုင်း G Fatt ဖြစ်ကြောင်းကိုလည်း တရားဝင် ဝန်ခံသွားခဲ့ပါတယ်။

နန်းစုရတီစိုးရဲ့ သီချင်းတွေထဲမှာ ရည်းစားဟောင်းဖြစ်သူ G Fatt ရေးသားပေးတဲ့ သီချင်းတွေက ပိုပြီးအောင်မြင်တယ်လို့ ပရိတ်သတ်တွေက ထင်ကြေးပေးကြတဲ့အပေါ်မှာလည်း နန်းစုရတီစိုးက အခုလိုပြောပြပါသေးတယ်။

“အတိုင်းအတာတစ်ခုတော့ မှန်ချင်မှန်ပါလိမ့်မယ်၊ ရူးအောင်ချစ်မယ့်သူ သီချင်းနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေက အဲ့လိုပြောကြတာဖြစ်မှာပါ။ တကယ်တော့ သူရေးပေးပြီး နန်းစု ထွက်ထားတဲ့ သီချင်းက ၃ ပုဒ်ရှိပါတယ်။ ကျန်တဲ့ ၂ ပုဒ်ဆိုရင် ရူးအောင်ချစ်မယ့်သူ လောက်တော့ ပရိတ်သတ်တွေကြားထဲ မရောက်ဘူးလို့ နန်းစု ထင်တာပဲ။

နန်းစု နောက်ဆုံးထွက်ထားတဲ့ အလွမ်းရာသီ သီချင်းဆိုရင်လည်း အရမ်းပေါက်တယ်။ အဲ့ဒါဆို ကိုညီမင်းခိုင်ရေးပေးထားတာပေါ့။ G Fatt ရေးပေးမှ ပိုပေါက်တယ်ဆိုတာကတော့ ပရိသတ်တွေက သူတို့ဟာသူတို့ ထင်ကြေးပေးပြောဆိုကြတာနေပါလိ့မ်မယ်” လို့ဆိုပါတယ်။

နန်းစုရတီစိုးအနေနဲ့ မကြာခင် တစ်ကိုယ်တော် အယ်လ်ဘမ်သစ် ထွက်ရှိလာဦးမှာဖြစ်ပြီး အဆိုပါ အယ်လ်ဘမ်ထဲမှာလည်း ရည်းစားဟောင်း G Fatt ရေးပေးထားတဲ့ သီချင်းတေါ ပါဝင်လာဦးမယ်လို့သိရပါတယ်။ Newsfeed Myanmar