Local News

အိန္ဒိယမှ နောက်ထပ် ရောက်ရှိလာမယ့် ကိုဗစ် ကာကွယ်ဆေး (၂) သန်းကိစ္စ ဒေါက်တာခင်ခင်ကြီးပြောပြီ..

အိန္ဒိယနိုင်ငံမှ မြန်မာပြည်အတွက် ကိုဗစ် ကာကွယ်ဆေးများ ဒုတိယအသုတ်အနေဖြင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရောက်ရှိမည်ဟု စစ်တပ် အာဏာသိမ်းယူခြင်း မပြုခင်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ရာ ဖေဖော်ဝါရီလ ၂ ရက် (ယနေ့)တွင် ရောက်ရှိလာသော်လည်း လေယာဉ် ဆင်းသက်ခွင့် မရသဖြင့် လှည့်ပြန်သွားရသည်ဟု လူမှုကွန်ရက်မှာ သတင်းတွေ ပျံ့နှံ့လျက်ရှိသည်။

သို့ဖြစ်ရာ ကာကွယ်ဆေးများ ရောက်ရှိခြင်း ရှိ/မရှိနှင့် ပတ်သက်သည့် လက်ရှိအခြေအနေကို သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက အခုလို ပြောပါတယ်။

“ကိုဗစ် ကာကွယ်ဆေးက ရက်အတိအကျတွေတော့ မသိပါဘူး။ သို့သော် ကျမတို့ သိထားတဲ့အရဆိုရင် ကာကွယ်ဆေးက အိန္ဒိယက ၂ သန်းသည် ဖေဖော်ဝါရီ ၁၀ ရက် ရောက်မယ်လို့ ကျမတို့ သိထားတာ ဖြစ်ပါတယ်။ ကျမတို့ ဝယ်တဲ့သန်း ၃၀ ထဲက ၂ သန်း ရောက်မှာ ဖြစ်ပါတယ်။

ပြီးရင်တော့ ဖေဖော်ဝါရီ ၂၉ လောက်မှာတော့ WHO (COVAX) အဖွဲ့ကနေပြီးတော့ ကာကွယ်ဆေး ပထမအသုတ်ရောက် မယ်လို့ ဒီလိုပဲ သိထားပါတယ်။ အဲဒါပဲ သိပါတယ်။ ကျန်တဲ့ရက်တွေမှာ ရောက်တဲ့ ကိစ္စတွေ မသိပါဘူး။”

အိန္ဒိယနိုင်ငံက ကိုဗစ် ကာကွယ်ဆေးတွေ လာပို့ပေမယ့် လေယာဉ်ဆင်းခွင့် မရလို့ ပြန်လှည့်သွားရတယ်လို့ သတင်းတွေ ပျံ့နေတာနဲ့ ပတ်သက်လို့ ဘာမှမကြားမိပါဘူး။ ကျမတို့ နဂိုသိတဲ့ စာရင်းထဲမှာလည်း ဒီနေ့ ကိုဗစ်ကာကွယ်ဆေးတွေရောက်မယ် ဆိုတာ မပါပါဘူး။”