Local News

KNUခေါင်းဆောင်များအနေဖြင့် ဥက္ကဌ စောမူတူးစေးဖိုးအား တာဝန်မှ ရပ်စဲရန် တောင်းဆိုကြောင်းလည်း AKO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ

မေလ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ပေါက်ဖွားလာပြီးအကျိုးမပြုဘဲ ရပ်တန့်သွားသည့် အပစ်ရပ်စာချုပ်(NCA) စာချုပ်ကို ပြန်လည်အသက်သွင်းရန်အားထုတ်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေး အကြပ်အတည်း များကိုမျက်ကွယ်ပြုရာရောက်သည်ဟု ဩစတြေးလျား ကရင်အဖွဲ့အစည်း(Australian Karen Organisation  -AKO )ကယနေ့ မေလ ၁၅ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

“ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏နေ့စဉ်နှင့်အမျှ ဘဝရှင်သန်ရပ်တည်ရန်အတွက်လုံခြုံမှု ကင်းမဲ့ပြီး၊ ကျီးလန့်စာစားအသက်ရှင်နေရချိန်တွင် စစ်အာဏာ သိမ်းပြီးစဉ်က ပျက်ပြယ်သွားပြီဖြစ်သည့် ၂၀၀၈ဖွဲ့စည်းပုံအောက်မှ ပေါက်ဖွားလာသည့် အကျိုးမရှိဘဲ ရပ်တန့်သွားပြီဖြစ်သည့် NCAကိုပြန်လည် အသက်သွင်းရန်အားထုတ်ခြင်းသည်လက်ရှိ ဖြစ်ပေါ်နေသည့် အပကတိ နိုင်ငံရေးအကြပ်အတည်းကို မျက်ကွယ်ပြုရာ ကျသည်” ဟု AKOထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(NCA ) လက်မှတ် ရေးထိုးပြီးချိန်မှစ၍ မြန်မာ့တပ်မတော်ဘက်မှ ဦးစွာပြောင်ပြောင်တင်တင်ချိုးဖောက်ကာ ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြု၍  ကရင်ဒေသအတွင်း တပ်စခန်းများ အခိုင်အမာဆောက်လာခြင်း၊ စစ်ရေးဗျူ ဟာစိုးမိုးရေးအတွက်လမ်းများဖောက်လုပ်ခြင်းနှင့် အခြားသောအကြီးစားစီမံကိန်းကြောင့် ဒေသ အတွင်းရှိ KNLA တပ်ဖွဲ့နှင့်ထိပ်တိုက်ထိတွေ့မှု ပေါင်းများစွာဖြစ်ပွားခဲ့သလို  ဒေသခံကျေးရွာအတွင်း အမြောက်ကြီးနှင့် လှမ်းပစ်သည့်အပြင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသခံအမြောက်အမြားလည်း နယ်စပ်ဒေသနှင့်ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်မှ (NCA)စာချုပ် ချိုးဖောက်မှုများစွာရှိသော်လည်း KNU ဥက္ကဌ စောမူတူးစေးဖိုးအနေဖြင့်(NCA) မူဘောင်အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ရန်နှင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးသည့် အဖြေရှာရန်သာ သဘောထားရှိသည်ဆိုပြီး မေလ ၁၀ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သည်လည်း အာဏာကိုအလွဲသုံးစားပြီး ၎င်း၏တစ်ဦးတည်းသဘောထာသားဖြစ်သည်ဟု သုံးသပ်ကြောင်း AKO ကပြောသည်။

ထိုအတွက်ကြောင့် KNUဥက္ကဌအနေဖြင့် အဖွဲ့အစည်းဆုံးဖြတ်ချက်မပါဘဲ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်ခံမှု၊တာဝန်ခံမှုရှိပြီး မိမိသဘောထားဆန္ဒအလျောက် နုတ်ထွက်ရန်နှင့် မိမိအလိုအလျောက်မနုတ်ထွက်ပါကKNUခေါင်းဆောင်များအနေဖြင့် ဥက္ကဌ စောမူတူးစေးဖိုးအား တာဝန်မှ ရပ်စဲရန်တောင်းဆိုကြောင်းလည်း AKO  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကရက်ဒစ်