Sports

ဂျူဗင်တပ်မှ ထွက်ခွာဖို့ သတင်းကြီးလာတဲ့ စီ ရော်နယ်ဒို အတွက် ဘယ်အသင်းက အကောင်းဆုံး ဖြစ်နိုင်မလဲ

စီးရီးအေ ထိပ်သီး ကလပ် ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေ တုန်းက ပြည်တွင်းပိုင်းမှာ အောင်မြင်မှု အလီလီ ဆွတ်ခူးထားနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ထိပ်သီး လေးသင်း စာရင်းဝင်အဖြစ် ရာသီ ပိတ်သိမ်းနိုင်ဖို့တောင် အခက်တွေ့ နေခဲ့ရပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာတော့ အသင်းရဲ့ အိုင်ကွန် ၊ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ တူရင်မြေမှာ ဆက်လက် ရှိနေဦးမလား ဆိုတဲ့ မေးခွန်းတွေလည်း တစ်စထက် တစ်စ ကျယ်လောင်လာခဲ့ရပါတယ် ။

စီရော်နယ်ဒိုဟာ 2018 ခုနှစ်တုန်းက ရီးယဲ မက်ဒရစ်မှ ဂျူဗင်တပ် အသင်းဆီ ၄ နှစ် စာချုပ်နဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အသင်းနဲ့ တစ်နှစ်မျှသာ စာချုပ် သက်တမ်း ကျန်ရှိနေပါတော့တယ် ။ ဒါ့ကြောင့် သူ့ရဲ့ အနာဂတ် ဘယ်မှာ ရှိမလဲဆိုတာ မရေရာပဲ ဖြစ်နေခဲ့ရပါတယ် ။

အခြား တစ်ဖက်မှာတော့ အသက် ၃၆ နှစ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင်ရဲ့ လစာဟာလည်း အရမ်းကို မြင့်မားနေတဲ့အတွက် ဂျူဗင်တပ်အသင်းမှ သူ့ကို လက်လွှတ် သွားဖို့ ရှိနေပါတယ် ။ ဒီလို အနေအထားမှာ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ ပေါ်လစ္စတာက ပေါ်တူဂီ လက်ရွေးစင်ကို အိုးလ် ထရပ်ဖို့ဒ်ဆီ ပြန်လာတာက အကောင်းဆုံး ဖြစ်နိုင်လိမ့်မယ်လို့ အကြံပေး သွားခဲ့လိုက် ပါတယ် ။

” သူ (စီရော်နယ်ဒို) ပြန်လာ နိုင်မယ်လို့ ကျွန်တော် မြင်မိပါတယ် ။ သူဟာ အိုးလ် ထရပ်ဖို့ဒ်မှာ ခမ်းနားတဲ့ ရက်စွဲတွေကို ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။ ဂျူဗီ ဖက်မှ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ အချိန်မျိုးမှာ အိုးလ် ထရပ်ဖို့ဒ်ဆီ ပြန်လာတာက သူ့အတွက် သင့်တော်မယ်လို့ ထင်မိပါတယ် ”

” ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ ဦးဆောင်မှု အောက်မှာ နေခဲ့ရစဥ်တုန်းကလည်း သူဟာ ဒီနေရာမှာ ဘယ်လို ပြသနာမျိုးမှ မရှိခဲ့ဖူးပါဘူး ။ ပြီးတော့ သူဟာ မိမိကိုယ်ကို စောင့်ရှောက်နေသလို အရင်လို ဆာလောင်မှုတွေလည်း ရှိနေဆဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့နိုင်ပါသေးတယ် ”

” သူဟာ ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ ယှဥ်ပြိုင်လိုဆဲပဲ ၊ ချန်ပီယံလိဂ် ကစားချင်ဆဲပဲဆိုတာ သိသာထင်ရှားလှပါတယ် ။ အကယ်လို့ သူသာ ယူနိုက်တက်ဆီ ရောက်လာမယ်ဆိုရင် ခင်ဗျားအနေနဲ့ သူ့အတွက် နေရာတစ်ခု ရှာဖွေ ပေးရပါလိမ့်မယ် ”

” သူဟာ ထူးကဲတဲ့ ကစားသမားဖြစ်ပြီး ဒီဂြိုဟ်ပေါ်က အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်နေဆဲ ဆိုတာကို သက်သေပြဖို့ ဆာလောင်မှု အပြည့်ရှိနေသေးတဲ့ ကစား သမား တစ်ဦးပါပဲ ။ သူဟာ အသက် ၄၀ လောက် အထိ (စံချိန်တင်) ကစားပေးဖို့ ဆန္ဒရှိနေသေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ”

” အကယ်လို့ ခင်ဗျားဟာ ကစားသမား တစ်ယောက်ကို ပြန်ခေါ်မယ်ဆိုရင် အရင်လို ဆာလောင်မှု ၊ ရည်မှန်းချက် ရှိနေသေးရဲ့လားဆိုပြီး စိုးရိမ်စိတ် ဖြစ်ပေါ်တတ်ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ပြောပုံဆိုပုံ ၊ လေ့ကျင့်ပုံတွေကို ကြည့်လိုက်ပါ ၊ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်နေသေးတယ်ဆိုတာကို သက်သေပြဖို့ စိတ်အားထက်သန်နေဆဲပါပဲ ” လို့ ပေါ်လစ္စတာက သုံးသပ် ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar