Sports

ဖူလ်ဟမ်ကို သရေကျပြီး အိမ်ကွင်းမှာ EPL သုံးပွဲဆက် နိုင်ပွဲမရတဲ့ ခေါင်းဆောင်မဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာ တိုက်စစ်မှူး ကာဗာနီနဲ့ ဂရင်းဝုဒ်ကို တိုက်စစ်မှာ သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ မက်တော်မီနေး၊ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို လူစုံထုတ်သုံးလာခဲ့သလို ခံစစ်မှာတော့ ဟာရီ မက်ဂွိုင်းယားက ဆက်လက်လွဲချော်ခဲ့ပြီး နှစ်ပွဲဆက် ပေးဂိုးများခဲ့တဲ့ ဟန်ဒါဆန်နေရာမှာတော့ ဒဟေးယား ပြန်လည်ပွဲထွက်လာခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ လူတွေအနေနဲ့ အိမ်ကွင်းပရိသတ် ၁၀၀၀၀ ရှေ့မှာ ကစားခဲ့ရပေမယ့် ကစားကွက်ပုံဖော်မှုနဲ့ အသင်းလိုက်စုစည်းမှုတွေမှာ အားနည်းခဲ့ပြီး
အသင်းခေါင်းဆောင် မက်ဂွိုင်းယား မပါဝင်ချိန်မှာ စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ ဘောလုံးကို နောက်ကနေ Build-up Play နဲ့အတူ Driving လုပ်ဖို့ လူမရှိဘဲဖြစ်နေခဲ့သလို ဒီနေရာကို ဘယ်သူမှ အစားဝင်မယူနိုင်ခဲ့တာကတော့ ယူနိုက်တက်ရဲ့ လာမယ့်ပွဲစဉ်တွေအတွက် စိုးရိမ်စရာလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ အသင်းရဲ့ လက်ရှိကွင်းထဲက အကောင်းဆုံးကစားသမားနှစ်ဦးရဲ့ အတွဲအဖက်ကနေ ယူနိုက်တက်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ဂိုးသမား ဒဟေးယား ပေးလိုက်တဲ့ ဘောလုံးကို ဖာနန်ဒက်စ်က နောက်ပေါက်နဲ့ချပေးခဲ့ရာမှာ အငိုက်မိသွားခဲ့တဲ့ ဖူလ်ဟမ်ခံစစ်ကြားကနေ ပြေးထွက်သွားခဲ့တဲ့ ကာဗာနီက နေရာယူပုံမှားနေတဲ့ ဂိုးသမား အာရီယိုးလားကို အဝေးကနေ ကျော်ကန်ပြီး အလဲထိုးသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ရဲ့ အခွင့်အရေးတွေကို ဂရင်းဝုဒ်နဲ့ ဖာနန်ဒက်စ်တို့ ဖြုန်းတီးပစ်ခဲ့ပြီး ဖူလ်ဟမ်ရဲ့ တန်ပြန်တိုက်စစ်ကနေ ကာဗယ်လ်ယိုရဲ့ ကန်ချက်ကို ဂိုးသမား ဒဟေးယားက ကာကွယ်နိုင်ခဲ့သလို ပထမပိုင်းမပြီးခင်မှာ အိမ်ရှင်တွေအနေနဲ့ လွဲချော်မှုများခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်က လွဲချော်ခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ဝတ်ထားတဲ့ ပေါ်တူဂီသားအနေနဲ့ ပေါ့ဘာနဲ့အတူ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် မနှစ်ကလောက်တောင် ပုံမလာတဲ့ ဂရင်းဝုဒ်ရဲ့ လောကြီးမှုတွေကြောင့် ယူနိုက်တက်တို့ရဲ့ Attacking Link တွေက တော်တော်လေး ပြတ်တောက်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ ဖူလ်ဟမ်တို့ရဲ့ ထိုးဖောက်မှုကို စက္ကန့်ပိုင်းအတွင်း ဒဟေးယား နှစ်ကြိမ်ဆက် ကာကွယ်ခဲ့ရပြီး ဆိုးရွားတဲ့ ခံစစ်ဗဟိုအတွဲရဲ့ နေရာယူပုံတွေကို တွေ့ခဲ့ရသလို ပွဲချိန် ၆၆ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ခက်ခဲတဲ့ အနေအထားက ဖရီးကစ်ကို အာရီယိုးလား ပုတ်ထုတ်သွားခဲ့ပါတယ်။

မက်တော်မီနေးအစား ရက်ရှ်ဖို့ဒ် ဝင်လာခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချမှုပိုင်းမှာတော့ အားနည်းခဲ့သလို ပွဲချိန် ၇၃ မိနစ်မှာလည်း သွေးအေးအေးနဲ့ အဆုံးမသတ်နိုင်တဲ့ ဂရင်းဝုဒ်ကန်ချက် ပိတ်ဆို့ခံရတာကနေ ပြန်ထွက်လာတာကို ဖာနန်ဒက်စ် ထောင်ကန်ပြီး ထပ်ဖြုန်းခဲ့ပါတယ်။

ဒီလောက်တောင် လွဲချော်နေတဲ့ ယူနိုက်တက်တို့အတွက် အပြစ်ပေးခံရတဲ့ အချိန်ကတော့ မကြာခင်မှာပဲ ရောက်ရှိလာခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ကွင်းလယ်အဖျက်ကစားသမားတွေရဲ့ ပေါ့လျော့မှုကြောင့် လွတ်နေခဲ့တဲ့ နောက်ခံလူ ဘရိုင်ယန်က ကော်ဒိုဗာရိဒ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ်ခေါင်းတိုက်ပြီး ချေပဂိုး ပြန်ယူသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်ဘက်က အာမက် ဂျယ်လိုနဲ့ ဗန်ဒဘိခ်တို့ကို ထည့်သွင်းခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ ကန်ခွင့်တစ်ကြိမ်ကလွဲရင် ဂိုးရလောက်တဲ့ အနေအထားမျိုးမှာ မရှိခဲ့တာကြောင့် အိမ်ကွင်းမှာ တန်းဆင်း ဖူလ်ဟမ်အသင်းကို အနိုင်မယူနိုင်ခဲ့ဘဲ တစ်ဂိုးစီသရေနဲ့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးသွားခဲ့ပါတယ်။

ဒီနေ့ကစားပုံကတော့ ယူရိုပါလိဂ်မှာ ဗီလာရီးရဲလ်နဲ့ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အတွက် အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို မရှိမဖြစ် လိုအပ်နေတာကို ပြသလိုက်တာဖြစ်ပြီး တွမ်ဇီဘီ၊ လင်ဒီလော့ဖ်၊ ဘိုင်လီတို့နဲ့ ရလဒ်ကောင်းတွေကို မယူနိုင်ဘူးလို့ ဆိုရတော့မှာဖြစ်သလို နည်းပြ ဆိုးလ်ရှားအတွက်တော့ ကျယ်လောင်လွန်းတဲ့ သတိပေးခေါင်းလောင်းသံဖြစ်ခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.