Sports

လှပတဲ့ ဖနောင့်ပေါက် ဖန်တီးမှုနဲ့ ပတ်သက်ပြီး ရိုးသားစွာ ၀န်ခံသွားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က သူ ဟာ အသင်းဖော် ကာဗာနီ ရဲ့ သွင်းဂိုး မှာ ဂိုးဖန်တီးပေး မိတယ်လို့ မခံစား မိခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ဟာ ပထမပိုင်း မှာ ကာဗာနီ သွင်းယူတဲ့ ဘောလုံး ကို ဖနောင့် နဲ့ လမ်းကြောင်းလွှဲပြီး လှလှပပ ဖန်တီးပေးခဲ့တယ် လို့ သတ်မှတ် ခံခဲ့ ရတာပဲ ဖြစ် ပါတယ် ။

ပရိသတ်တွေ ပြန်လည် ၀င်ရောက်ခွင့် ရခဲ့တဲ့ အိုးထရက်ဖိုဒ့် ကွင်းက ဖူလ်ဟမ် နဲ့ ပွဲစဉ်မှာ အီဒီဆင် ကာဗာနီ ဟာ သူ့ရဲ့ ပထမဆုံးသော မိတ်ဆက်ပွဲ အတွက် အကောင်းဆုံး စွမ်းဆောင် ခဲ့ ပါတယ် ။ ဒီဂီယာ ဆီကနေ ထွက်လာတဲ့ ဘောလုံးကို ဖာနန်ဒက်စ် က ဖနောင့်နဲ့ လမ်းကြောင်း လွှဲပေးခဲ့ရာမှာ ကာဗာနီ က ရှေ့တက် နေတဲ့ ဖူလ်ဟမ် ဂိုးသမား ကို ကျော်ကာ ဂိုးပေါက်ထဲကို ခုတ်သွင်း ရယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒုတိယပိုင်းမှာ ဖူလ်ဟမ် က ချေပဂိုး ပြန်သွင်းပြီး သရေ ရလဒ် နဲ့ အဆုံးသတ်ခဲ့ရ ပေမယ့် လက်စတာ စီးတီး ရဲ့ ရှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် ၂ နေရာ သေချာသွား စေခဲ့ ပါတယ် ။ ကာဗာနီ ရဲ့ သွင်းဂိုးကို ဖာနန်ဒက်စ် ဖန်တီး ပေးခဲ့တယ်လို့ သတ်မှတ် ခဲ့ပေမယ့် ကာယကံရှင် ဘရူနို ဖာနန်ဒက်စ် ကတော့ ဘောလုံးကို သူ ထိမိ ခဲ့တယ်လို့ မခံစားမိကြောင်း ပွဲအပြီးမှာ ပြောဆိုသွားခဲ့ ပါတယ် ။

“အရိုးသားဆုံး ပြောရရင်တော့ ထိမိလိုက်တယ်လို့ မခံစားမိ ပါဘူး ။ ဒိုင်လူကြီး ကတော့ ကျွန်တော် ဖန်တီး ခဲ့တယ်လို့ ပြောပါတယ် ၊ ဘာပဲ ဖြစ်ဖြစ် ဒါကို ကျွန်တော် ဂရုမစိုက် ပါဘူး ။ အဓိကက ဂိုးပိုက်ထဲကို ဘောလုံး ရောက်သွားဖို့့ပါ ၊ ဘယ်သူပဲ သွင်းသွင်း ၊ ဘယ်သူပဲ ဖန်တီးဖန်တီး အရေးမကြီး ပါဘူး” လို့ ဖာနန်ဒက်စ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ယမန်နေ့က ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ်ကို ကစား သွားခဲ့တာ ဖြစ်ပြီး ကိုဗစ် ကူးစက်မှုတွေ လျော့နည်း လာမှုကြောင့် ပရိသတ် ၁ သောင်းကို ကွင်းအတွင်းမှာ ပြန်လည် မြင်တွေ့ခွင့် ရခဲ့ ပါတယ် ။

ပရိသတ်တွေ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစု ကို ဆန့်ကျင်ကြောင်း စာတမ်းတွေ ကိုင်ဆောင် ထုတ်ဖော် ခဲ့ကြပေမယ့် မမြင်တွေ့ ရတာ ကြာပြီ ဖြစ်တဲ့ ယူနိုက်တက် ကစား သမားတွေကိုတော့ လက်ခုပ်တီးကာ အားပေး ခဲ့ကြပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ကလည်း ပွဲအပြီးမှာ ရာသီကုန် နှုတ်ဆက် စကားပြောဆို ခဲ့ပြီး အသင်းသားတွေ နဲ့ အတူ ပရိသတ်တွေ ကို လိုက်လံ နှုတ်ဆက် သွားခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ကတော့ ပရိသတ်တွေကို ပြန်မြင်တွေ့ရတာဟာ ဒီပွဲရဲ့ အကောင်းဆုံး အရာ ဖြစ်ပါတယ်လို့ ဆိုသွားခဲ့ ပါတယ် ။

“တကယ်ကောင်းပါတယ် ၊ ဘောလုံး မှာ ပရိသတ်တွေက ဘယ်လောက် အရေးကြီး သလဲ ဆိုတာ အားလုံး အသိပါပဲ ။ ဒါကြောင့် သူတို့ကို ပြန်တွေ့ ရတာက တကယ်ကောင်းပါတယ် ။ သူတို့ကို အနိုင် ရလဒ် လက်ဆောင် မပေး နိုင်လိုက်တာ ကတော့ စိတ်မကောင်း စရာပါပဲ”

“ကျွန်တော်တို့ ဖိအားတွေ ၀င်ခဲ့ပါတယ် ၊ အခွင့်အရေးတွေ အများကြီး ရပေမယ့် ဂိုးမရခဲ့ ပါဘူး ။ နောက်လာမယ့် ပွဲမှာတော့ ဒီအားနည်းချက်တွေကို ပြင်ဆင် နိုင်ဖို့ ကြိုးစား ရမှာပါ” လို့ ဖာနန်ဒက်စ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီပိတ် ပွဲစဉ် မှာ Wolves အသင်း နဲ့ အဝေးကွင်း ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး မေလ ၂၆ ရက်နေ့ မှာတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ အဖြစ် ဗီလာရီးရဲ အသင်းနဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR