Local News

တရားမဝင် စလောင်းများကို ရက်(၃၀)အတွင်း လာမအပ်ပါက ဥပဒေအရ အရေးယူခံရမည်ဟု ထပ်မံကြေငြာ

တရားမဝင် စလောင်းများကို ရက်(၃၀)အတွင်း လာမအပ်ပါက ဥပဒေအရ အရေးယူခံရမည်ဟု ထပ်မံကြေငြာ

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးတို့ရေ ဂြိုဟ်တု၊ရုပ်မြင်သံကြား ဖမ်းစက်တွေကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထောင်ဒဏ်(၁)နှစ်၊ ဒဏ်ငွေ(၅)သိန်း အရေးယူခံရနိုင်တယ်လို့ ကြိုတင်အသိပေးကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးက မေလ(၄)ရက်မှာ ကြေညာထားပါတယ်။ DVB ၊ Mizzima စတဲ့သတင်းဌာနတွေက ဂြိုဟ်တုစလောင်းတွေကနေမှတဆင့် စစ်ကောင်စီအဖွဲ့ရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေ၊ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေကို ထုတ်လွှင့်ပြသပေးနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဂြိုဟ်တုစလောင်းတွေကနေမှတဆင့် ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ရုပ်မြင်သံကြားဖမ်းစက်တွေ ဖြုတ်သိမ်းဖို့ ရန်ကုန်အပြင် မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေရှိ မြို့ရွာအနှံ့ လိုက်လံဖြုတ်သိမ်းခိုင်းတာတွေ ကျေးရွာတွေမှာ ဂြိုဟ်တုစလောင်းတွေကို အဓမ္မဖြုတ်ချတာတွေလည်း ရှိခဲ့ပါတယ်။ ယခုအခါမှာလည်း တရားဝင်ခွင့်ပြုချက်မရှိပဲ ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များ လက်ဝယ်ထားရှိပါက ရက်(၃၀)အတွင်း အပ်နှံရမှာဖြစ်ပြီး မအပ်နှံပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များ ပြည်ပမှတင်သွင်းခြင်း လက်ဝယ်ထားရှိခြင်း၊အသုံးပြုခြင်း၊လွှဲပြောင်းခြင်း၊ရောင်းချခြင်း၊လိုင်စင်ထုတ်ပေးခြင်း၊လိုင်စင်ခနဲ့ လိုင်စင်စည်းကမ်းချက်များနဲ့ ပတ်သက်ပြီး အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်များနဲ့အညီ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ယခုအခါ လိုင်စင်ကိစ္စများ ရပ်ဆိုင်းပြီးဖြစ်လို့ လက်ရှိအသုံးပြုနေတဲ့ ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များအနက် ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ အဖွဲ့အစည်းများရဲ့ ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များမှလွဲပြီး မှတ်ပုံတင်ထားခြင်း၊ လိုင်စင်ရယူထားခြင်း မရှိပါက လက်ဝယ်ထားရှိခွင့်မရှိတဲ့ ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များဖြစ်တယ်လို့ မေလ(၁၈)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။

အဆိုပါတရားမဝင် ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များ လက်ဝယ်ရှိနေသူများအနေနဲ့ ညွှန်ကြားချက် ထုတ်ပြန်တဲ့နေ့မှ ရက်ပေါင်း(၃၀)အတွင်း သက်ဆိုင်ရာမြို့နယ်(သို့မဟုတ်) ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာသို့ အပ်နှံရမှာဖြစ်ကြောင်း ပျက်ကွက်ပါက ရုပ်မြင်သံကြားနဲ့ ဗီဒီယို ဥပဒေ ပုဒ်မ(၃၆)အရ အရေးယူခြင်းခံရမှာဖြစ်ကြောင်း လက်ရှိပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းလက်မှတ်နဲ့ မေလ(၁၄)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် အစရှိတဲ့ တိုင်းနဲ့ပြည်နယ်တချို့မှာ PSI ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက် စလောင်းတွေကို လိုက်လံဖြုတ်သိမ်း အရေးယူခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ (၂၅)ရက်ကလည်း တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ တပ်ဆင်အသုံးပြုနေတဲ့ PSl ရုပ်သံစလောင်းတွေကို တရားမဝင်ဟုဆိုကာ ဖြုတ်သိမ်းခိုင်းခဲ့ပါသေးတယ်။ PSI စလောင်းတွေနဲ့ ရုပ်မြင်းသံကြား ဖမ်းယူကြည့်ရှုရာမှာ DVB နဲ့ Mizzima သတင်းဌာနမှ သတင်းများ ပါရှိနေတဲ့အတွက် အခုလိုဖြုတ်သိမ်း အရေးယူမှု ပြုလုပ်နေခြင်း ဖြစ်တယ်လို့
ပြောဆိုမှုများလည်း ရှိနေပါတယ်။

DVB နဲ့ Mizzima သတင်းဌာန အပါအဝင် သတင်းဌာန(၅)ခုဟာ ဖေဖောဝါရီလ(၁)ရက် တပ်မတော်က နိုင်ငံ့ အာဏာကို အတင်းရယူလွှဲပြောင်း ထိန်းသိမ်းချိန်ကတည်းက ထုတ်လုပ်ခွင့်လိုင်စင် ပိတ်သိမ်းခံထားရတာ ပဲဖြစ်ပါတယ်နော်။ မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။ကရက်ဒစ်