Sports

ပရိသတ်ကို အားမနာခဲ့တဲ့ သရဲနီ ယူနိုက်တက် ယူရိုပါလိဂ်ဘုရင်အဖြစ် အင်္ဂလန်ကို ပြည်တော်ဝင်မယ်ဆိုတဲ့ ကတိပေးလိုက်တဲ့ ဆိုးလ်ရှား

ပရိသတ်ကို အားမနာခဲ့တဲ့ သရဲနီ
ဘောလုံးပွဲတွေကို လာရောက်အားပေးခွင့်မရှိတော့လို့ ၁၄ လကြာခွဲခွာနေရတဲ့ ယူနိုက်တက်ပရိသတ်တွေဟာ ဒီပွဲမှာ အိုးထရက်ဖို့ဒ်ဆီကို တကျော့ပြန်ခြေချနိုင်ခဲ့သလို ပွဲကြည့်ပရိသတ် ၁ သောင်းရှေ့မှာတော့ နိုင်ပွဲကို မယူပြနိုင်ခဲ့လို့ ပရိသတ်တွေကို အမောဆို့စေခဲ့သလို ဆိုးလ်ရှားကိုပါ မျက်နှာပျက်စေခဲ့ပါတယ်။

စားတော်ခေါ်ခဲ့တဲ့ ဘုရင်ကြီးကာဗာနီ
ပထမပိုင်းမှာ ကိုက် ၄၀ အကွာက ကာဗာနီရဲ့ကန်သွင်းချက်က အတော်လေးလှပခဲ့သလို ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးဖန်တီးမှုကလည်း ဘုရင်ကြီးကာဗာနီရဲ့ ဖျော်ဖြေမှုကို မျက်ဝါးထင်ထင်မြင်တွေ့ခံစားခဲ့ရလို့ ပရိသတ်တွေကျေနပ်ခဲ့သလို စာချုပ်သစ်ချုပ်ဆိုပြီးနောက်မှာတော့ နံပါတ် ၇ ဂျာစီနဲ့ ထိုက်တန်ကြောင်း အားလုံးကို အသိပေးလိုက်တာဖြစ်ပြီး သရဲနီတို့ရဲ့အချစ်တွေကိုလည်း သဲ့ယူသွားခဲ့တာပါ။

အိမ်ကွင်း ထိချက်နာတဲ့ ၂၈ ဂိုးကြောင့်
ယူနိုက်တက်က ဒီရာသီ အိုးထရက်ဖို့ဒ်အိမ်ကွင်းပေးဂိုးအနေနဲ့ ၂၈ ဂိုးအထိ ဂိုးပေးခဲ့ရတာကို တွေ့ရပြီး ဒါက ထိပ်သီးအဆင့် ၄ အတွင်းက အသင်းတသင်းအတွက် မဖြစ်သင့်တဲ့အမှားတခုဖြစ်ပေမယ့် ဒီနေ့ပွဲမှာလည်း ဆက်လက်ကျူးလွန်ခဲ့ပြီး ခပ်ပေါ့ပေါ့ခံစစ်ခုခံမှုမှာ ဖူလ်ဟမ်ကစားသမားဂျိုးဘရိုင်ယန်ရဲ့ ခေါင်းတိုက်ဂိုးကို ခွင့်ပေးခဲ့ရပြီး အဆင့် ၂ နေရာကို လက်စတာဆီလွှဲပေးချင်နေတာလားလို့ မေခွန်းထုတ်ခံထားရပါတယ်။

ကိုယ့်ဒဏ်ကိုယ်ခံရတော့မယ့် သစ်သားစိမ်း
အင်္ဂလန်နည်းပြဆောက်ဂိတ်က ယူရိုပြိုင်ပွဲအတွက် လက်ရွေးစင်လူရွေးချယ်မှုကို နောက်တပတ်အတွင်း ထုတ်ပြန်ကြေငြာတော့မယ့်အချိန်မှာ ဂရင်းဝုဒ်က ဒီပွဲမှာ ဂိုးအခွင့်အရေးတိုင်းကို အဆုံးမသတ်နိုင်ခဲ့ဘဲ ကြီးကြီးမားမား ဖြုန်းတီးသွားခဲ့ပြီး ဂိုးပေါက်ပျောက်ခဲ့တာကို တွေ့ရသလို ဆောက်ဂိတ်ရဲ့ ၂၆ ဦးစာရင်းမှာ ချန်လှန်ခဲ့ခဲ့ရရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံခံပေရော့လို့သာ ဆိုရမှာပါ။

ချုံအောင်းပြီး ချိုသွေးနေတာလား အဖျားရှုးသွားတာလား
ဆိုးလ်ရှားအတွက်တော့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင် ရခဲ့တာဖြစ်ပြီး ဖူလ်ဟမ်သရေကျခဲ့တဲ့နောက်မှာ​တေ့ အိုးထရက်ဖို့ဒ် နောက်ဆုံး ၃ ပွဲမှာ ၁ မှတ်သာစုဆောင်းနိုင်ခဲ့ခြင်းက ပိုလန်မှာ GDANSK ယူရိုပါလိဂ်ဖိုင်နယ်အတွက် ချုံအောင်းပြီ ချိုသွေးနေတာလား၊ ဒါမှမဟုတ် ယူနိုက်တက် အဖျားရှုးသွားတာလားဆိုတာတော့ သူကိုယ်တိုင်ကသာ ရေရေရာရာသိပါလိမ့်မယ်။

လုခ်ရှောနဲ့ ဘရူနိုတို့ သူကောင်းပြုခံရ
ယူနိုက်တက်ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့ လုခ်ရှောနဲ့အတူ ဆာမက်ဘက်စ်ဘီဆုကို ချီးမြှင့်ခံခဲ့ရတဲ့ ဘရူနို ဖာနန်ဒက်တို့ကို ပရိသတ်တွေက ဒီပွဲအပြီးမှာ သူကောင်းပြုခဲ့ကြပြီး ဘရူနိုကတော့ ဖေဖော်ဝါရီလ အဲဗာတန်နဲ့ပွဲက သူ့ရဲ့သွင်းဂိုးဟာ တရာသီအတွင်း အကောင်းဆုံးဂိုးဆုရှင်အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ယူရိုပါလိဂ်ဘုရင်အဖြစ် အင်္ဂလန်ကို ပြည်တော်ဝင်မယ်ဆိုတဲ့ ကတိ
ဒီပွဲအပြီးမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပရိသတ်တွေကို ယူရိုပါလိဂ်ဘုရင်အဖြစ် အင်္ဂလန်ကို ပြည်တော်ဝင်မယ်ဆိုတဲ့ ကတိတလုံးကို အခိုင်အမာပေးခဲ့သလို ယူနိုက်တက်အတွက် လက်ရှိအနေအထားက မျှော်မှန်းသလောက် ကျေနပ်စရာမရှိသေးတဲ့အကြောင်းလည်း ပရိသတ်တွေဆီ ဝန်ချတောင်းပန်သွားခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.