Sports

စပိန်မြေက ပြင်သစ်သားနှစ်ယောက်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတာဟာ ယခုဆိုရင် ရှစ်နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်မှာ ယူနိုက်တက်ဟာ နည်းပြအပြောင်းအလဲများစွာနဲ့ ခြေစွမ်းပိုင်းကလည်း မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။ ဆုဖလားအောင်မြင်မှု မရရှိတာဟာလည်း လေးနှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိနည်းပြ အိုလီဂန်းနားဆိုးလ်ရှားရဲ့လက်အောက်မှာတော့ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်း တည်ငြိမ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲထိတက်ရောက်ထားနိုင်ပြီး လေးနှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ဖွယ် ရှိနေပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ယခုနှစ်နွေရာသီဈေးကွက်မှာ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ခံစစ်မှူးတစ်ဦးဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ သူမပါဝင်နိုင်တဲ့ အသင်းရဲ့ ခံစစ်ပိုင်းက သိသိသာသာ အားလျော့နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မက်ဂွိုင်းယားနဲ့ တွဲကစားဖို့ ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ ခံစစ်မှူး ရာဖေးလ်ဗာရန်းက ဦးဆောင်နေပါတယ်။ ယင်းပြင်သစ်သားကို ခေါ်ယူဖို့ ယခင်တည်းက ယူနိုက်တက်တို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

အားကစားသတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီစီယိုရိုမာနိုကတော့ ယူနိုက်တက်ဟာ ဗာရန်းကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေပြီး ဗာရန်း ရီးရဲမက်ဒရစ်ကနေ ထွက်ခွာမလား၊ မထှကျခှာဘူးလားဆိုဝာာကတော့ နည်းပြကြီး ဇီနဒင်းဇီဒန်း အသင်းမှာ ဆက်ရှိ၊ မရှိအပေါ်မှာ မူတည်နေတယ်လို့ ရေးသားထားပါတယ်။

စပိန်သတင်းစာ Marca ကလည်း ဇီဒန်းအနေနဲ့ အသင်းက ထွက်ခွာဖို့များနေတာကြောင့် ဗာရန်းအနေနဲ့လည်း အသင်းက ထွက်ခွာဖွယ်ရှိနေပြီး ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗာရန်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပါတယ်။ သူဟာ ရီးရဲမက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၃၅၉ ပွဲအထိ ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု ၁၉ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။

ဗာရန်းအပြင် ယူနိုက်တက်တို့ နောက်ထပ်ပစ်မှတ်ထားနေတဲ့ ခံစစ်မှူးတစ်ဦးလည်း ရှိနေပါတယ်။ သူကတော့ ဆီဗီးလားအသင်းရဲ့ ဗဟိုခံစစ်မှူး ဂျူးလ်စ်ကွန်ဒေပဲဖြစ်ပါတယ်။

အသက် ၂၂ ရွယ်သာရှိသေးတဲ့ ပြင်သစ်သား ခံစစ်မှူး ကွန်ဒေကို ယူနိုက်တက်တို့ ဗာရန်းရဲ့ နောက် ဒုတိယဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ကွန်ဒေဟာ ယခုနှစ်မှာ ဆီဗီလာအသင်းအတွက် ၃၃ ပွဲအထိ ကစားပေးထားပြီး နှစ်ဂိုးသွင်းယူပေးထားကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အသက် ၂၁ နှစ်အောက် ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပြီး ဆီဗီးလားရဲ့ ခံစစ်နေရာအတွက်လည်း အဓိကကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။ သူဟာ ဆီဗီးလားအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။

MAN UTD – MM