Sports

ယူနိုက်တက်ခံစစ်မှာ မက်ဂွိုင်းယားမရှိရင် မဖြစ်တာကို အချက်အလက်တွေက သက်သေပြနေ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့တစ်ပတ်ကျော်က အက်စတွန်ဗီလာကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေချင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့ပြီး အခုအချိန်အထိ အသင်းအတွက် ပြန်မကစားနိုင်သေးပါဘူး။

မက်ဂွိုင်းယားဟာ အခုတစ်ပတ်အင်္ဂါနေ့က ဖူလ်ဟမ်နဲ့(၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ချိုင်းထောက်၊ အကာအကွယ်ဖိနပ်တွေဝတ်ဆင်ပြီး ယူနိုက်တက်ပွဲကို လာရောက်အားပေးခဲ့ပေမယ့် သူ့အနေအထားက ဒဏ်ရာကပြန်သက်သာလာဖို့ အချိန်ယူရဦးမယ့်ပုံပါပဲ။

ယူနိုက်တက်အသင်းဟာ လာမယ့်တစ်ပတ်(၂၆)ရက်မှာ ဗီလာရီးယဲလ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် မက်ဂွိုင်းယား ဒဏ်ရာကနေအချိန်မီပြန်သက်သာလာဖို့ နည်းပြဆိုးလ်ရှားသာမက အသင်းပရိသတ်တွေကပါ မျှော်လင့်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် အချက်အလက်တွေအရလည်း ယူနိုက်တက်ခံစစ်မှာ မက်ဂွိုင်းယားမပါရင် အသင်းရလဒ်တွေဆိုးရွားလေ့ရှိတာကို တွေ့ရမှာပါ။

ယူနိုက်တက်အသင်းဟာ ဒဏ်ရာကြောင့် မက်ဂွိုင်းယား မပါနိုင်တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲမှာ (၂)ပွဲရှုံး၊ (၁)ပွဲသရေကျခဲ့တဲ့အပြင် ပွဲတိုင်းဂိုးပေးခဲ့ရပြီး (၇)ဂိုးအထိပေးခဲ့ရတာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်းကို စတင်ပြောင်းရွှေ့ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အခုဒဏ်ရာမရခင်အချိန်အထိ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းပါဝင်ကစားခဲ့ပါတယ်။

ယူနိုက်တက်အသင်းခံစစ်မှာ မက်ဂွိုင်းယားပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၀၇)ပွဲမှာ နိုင်ပွဲ(၆၂)ပွဲ၊ သရေ(၂၅)ပွဲ၊ ရှုံးပွဲ(၂၀)ရှိခဲ့ပြီး မက်ဂွိုင်းယား မပါဝင်နိုင်တဲ့ (၁၃)ပွဲမှာတော့ နိုင်ပွဲက (၅)ပွဲသာရှိခဲ့သလို သရေ(၄)ပွဲ၊ ရှုံးပွဲ(၄)ပွဲအထိရှိခဲ့ပါတယ်။

ဒါ့အပြင် မက်ဂွိုင်းယားပါဝင်ကစားခဲ့တဲ့ပွဲတွေမှာ အနိုင်ရာခိုင်နှုန်းက (၅၈%)အထိရှိခဲ့ပေမယ့် သူမပါနိုင်တဲ့ပွဲတွေမှာတော့ (၃၉%)သာရှိခဲ့တာပါ။

ပေးဂိုးကလည်း မက်ဂွိုင်းယားကစားရင် ပျမ်းမျှ(၁)ဂိုးသာရှိပေမယ့် မက်ဂွိုင်းယားမပါဝင်နိုင်တဲ့ပွဲတွေမှာ ပျမ်းမျှ(၁.၁)ဂိုးရှိခဲ့ပါတယ်။

မက်ဂွိုင်းယားအနေနဲ့ ယူနိုက်တက်အသင်းကစားသမားဘ၀ ပထမဆုံးအကြိမ်ဆင်နွှဲရမယ့် ဗိုလ်လုပွဲကို လွဲချော်ဖို့ ဆန္ဒမရှိဘဲ အသင်းနဲ့အတူ ဆုဖလားကိုင်မြှောက်ခွင့်ရဖို့အတွက် ဒဏ်ရာကနေ အမြန်ဆုံးပြန်သက်သာလာအောင် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

မက်ဂွိုင်းယားက “ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း ကျွန်တော် တော်တော်လေးစိတ်ပျက်မိခဲ့ပေမယ့် တည်ငြိမ်မှုရှိအောင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့ရပါတယ်။

ကျွန်တော့်ဒဏ်ရာနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်လာမယ်လို့ပဲ တွေးထားပါတယ်။

မကြာခင်ကြံခိုင်မှုအပြည့်နဲ့ ဘောလုံးပြန်ကစားနိုင်မယ်လို့ အပြည့်အဝယုံကြည်ပြီး ယူရိုပါလိဂ်ဖလားကိုင်မြှောက်ခွင့်ရဖို့က ကျွန်တော့်အတွက် အရေးအကြီးဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံးကိစ္စတစ်ခုဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Credit – 90minsports