Sports

ပရီးမီးယားလိဂ်ဖလားကို မကာကွယ်နိုင်တော့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဆုတစ်ခု ရတော့မယ့် လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာအသန့်ရှင်းဆုံး ကစားတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ the Fair Play award ကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးဖို့ များနေပြီ ဖြစ်ပါတယ်။ ရာသီတစ်ခု အတွင်း အဝါကတ် အနီကတ် အရေအတွက်ကို ကြည့်ကာ ဆုံးဖြတ်တာ ဖြစ်ပြီး ဒီဆုဟာ ၃၈ ပွဲ ကစားရတဲ့ ဘောလုံးရာသီ တစ်ခုအတွင်း စည်းကမ်း အရှိဆုံး အသင်းကို ပေးအပ်ချီး​မြှင့်တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွင်း အနီကတ် တစ်ကြိမ်မှ မထိခဲ့တဲ့ အပြင် ပရီးမီးယားလိဂ်မှာ အဝါကတ် အနည်းဆုံး (၃၈ ကြိမ်) ရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ယာဂန်ကလော့ရဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ၃ နှစ်နဲ့ ၃ နှစ်အထက် ဆက်တိုက် ဒီလို စွမ်းဆောင်ထားနိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ အဖြစ် စတင်ခဲ့တဲ့ ၁၉၉၂-၉၃ ရာသီနောက်ပိုင်း ဒီဆုကို စံချိန်တင် ၉ ကြိမ်မြောက် ရရှိတော့မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီဆုကို (2020-21, 2019-20, 2018-19, 2017-18, 2016-17, 2007-08, 2006-07, 1995-96, 1994-95) ရာသီတွေမှာ ရရှိထားတာ ဖြစ်ပါတယ်။ ဒီဇယားထိပ်မှာ ရပ်တည်နိုင်ခြင်းကြောင့် အရင်က ကလပ်တွေကို ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာစာ ပေးခဲ့ပေမယ့်လည်း ဒီစည်းမျဥ်းကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပြန်လည် ဖျက်သိမ်းလိုက်ပါတယ်။

ဒီရာသီရဲ့ the Fair Play table မှာ လီဗာပူးရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ကတော့ ဘန်လေ ဖြစ်ပြီး လက်ကျန် တစ်ပွဲ အလိုမှာ အဝါကတ် ၄၇ ကတ် အနီကတ် ၁ ကတ် ရရှိထားခဲ့ပါတယ်။ ရှက်ဖီယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အညစ်ပတ်ဆုံး အသင်း ဖြစ်နေပြီး ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ရှက်ဖီးဟာ ဒီရာသီ အဝါကတ် အကြိမ် ၇၀ နဲ့ အနီကတ် ၃ ကြိမ် ထိထားခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း အဝါကတ် ၃၈ ပဲ ပြသခံခဲ့ရပေမယ့်လည်း အလီဆွန် ထိခဲ့တဲ့ အနီကတ် တစ်ကတ်တော့ ပိုနေပါတယ်။ လက်စတာ နဲ့ ဘန်လေ တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူး နဲ့အတူ အနီကတ် ပြသခြင်း မခံထားရတဲ့ အသင်းတွေ အဖြစ် ရှိနေပါတယ်။

ထူးထူးခြားခြား အနေနဲ့ ဘရိုက်တန်ဟာ ဒီရာသီ အနီကတ် ၆ ကြိမ်တောင် ထိထားခဲ့ပါတယ်။ ၎င်းရဲ့ နောက်မှာတော့ အာဆင်နယ် (၅ ကြိမ်) ၊ ဝက်ဘရွမ်း (၄ ကြိမ်) ၊ အက်စတွန်ဗီလာ (၄ ကြိမ်) တို့က အနီကတ် အများဆုံး ဇယားမှာ အစဥ်လိုက် ရပ်တည်နေပါတယ်။

SM