Sports

ချဲလ်ဆီးမှာ ဟယ်ရီကိန်း ကစားတာ မြင်ချင်ပေမယ့် ၊ ၄င်း တကယ်တမ်း ပြောင်းရွှေ့နိုင်တဲ့ အသင်းရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဝိန်းဘရစ်ခ်ျ

တော့တင်ဟမ် အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာ အသင်းပြောင်းတော့မယ် လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ၊ ၄င်းကို ခေါ်ယူနိုင်တဲ့ ဥရောပ ဒိတ်ဒိတ်ကြဲ ကလပ် အသင်း တချို့လည်း ထွက်ပေါ်လာပါတယ် ။

အသက် ၂၇နှစ် အရွယ်ရှိ ဟယ်ရီကိန်း ရဲ့ လက်ရှိ တန်ကြေးဟာ ပေါင်သန်း ၁၀၀ နဲ့ အထက်မှာ ရှိနိုင်ပြီး ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံး ကလပ်တွေရဲ့ ဘဏ္ဍာရေးကို ကြီးကြီးမားမား သက်ရောက်မှု ရှိနေချိန် ၊ ၄င်းကို ခေါ်ယူနိုင်မယ့် ကလပ် အသင်း များများစားစားလည်း ရှိမနေပါဘူး ။

ဒီအထဲမှာ ဟယ်ရီကိန်း နဲ့ သတင်း အထွက်ဆုံး အသင်း ၄သင်း ရှိနေပြီး ၊ အထောင် တိုက်စစ်မှူးကောင်း လိုအပ်နေတဲ့ ပရီးမီးယားလိဂ် အင်အားကြီး ၃သင်း ဖြစ်တဲ့ မန်စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့နဲ့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်တို့ ပါဝင်နေကြပါတယ် ။

တော့တင်ဟမ် နဲ့ လန်ဒန်မြို့ခံ ပြိုင်ဖက်ချင်း ဖြစ်နေတဲ့ ချဲလ်ဆီး အသင်းဟာ ဒီ ၄သင်းမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေ အနည်းဆုံးလို့ ယူဆနိုင်ပေမယ့် ၊ လောလောဆယ် ကမ္ဘာ့ အဆင့် ကစားသမား တဦး အတွက် ငွေကြေး အမြောက်အမြား ချက်ချင်း ပေးချေနိုင်တာ ချဲလ်ဆီး နဲ့ မန်စီးတီး တို့လောက်သာ ရှိတယ်ဆိုတာ ငြင်းမရပါဘူး ။

ချဲလ်ဆီး နဲ့ မန်စီးတီး နောက်ခံလူဟောင်း ဝိန်းဘရစ်ခ်ျ ကတော့ ဟယ်ရီကိန်း ကို အသင်းဟောင်း ချဲလ်ဆီး မှာ ကစားတာ မြင်လိုပေမယ့် ၊ လန်ဒန်မြို့ခံ ပြိုင်ဖက် အချင်းချင်း ဖြစ်တာကြောင့် ကိန်း ဟာ မန်စီးတီးကိုပဲ ပြောင်းရွှေ့ ကစားနိုင်တဲ့ အကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

BettingExpert ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ဝိန်းဘရစ်ခ်ျ က ” ဟယ်ရီကိန်းကို ကျွန်တော် ချဲလ်ဆီးမှာ မြင်တွေ့လိုပါတယ် ။ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာလည်း သူ့ကို ခေါ်ဖို့ ငွေကြေး တတ်နိုင်ပါတယ် ။ ဒါပေမယ့် အဆုံးမှာ သူ မန်စီးတီးပဲ ရောက်ဖို့ ကျွန်တော် ခံစားမိနေပါတယ် ။ ”

” ပက် ဆီမှာ ဟယ်ရီကိန်း ကို မန်စီးတီးဆီ ပြောင်းလာဖို့ လွှမ်းမိုးမှု တနည်းတဖုံ ရှိနေပါတယ် ။ နောက်ပြီး မန်စီးတီး ဟာလည်း လာမယ့် ရာသီမှာ အထောင် တိုက်စစ်မှူး လိုအပ်နေတဲ့ အတွက် ကိန်း ဟာ မန်စီးတီးကို ရောက်သွားဖို့ များပါတယ် ။ ကိန်း နဲ့ အဂွဲရိုး တို့ဟာ ကစားပုံ မတူညီတဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြပေမယ့် ၊ သူတို့ အကြား တူညီတဲ့ အချက် တချက်က ၂ယောက်လုံး ဂိုးသွင်းတာ နှစ်သက်ကြတာ ဖြစ်ပါတယ် ။ ”

” ကျွန်တော် ဟာ အဂွဲရိုးနဲ့ အတူ ကစားခဲ့ဖူးပြီး ၊ သူဟာ ကြီးကျယ်တဲ့ ဂိုးသွင်း တိုက်စစ်မှူး ၊ ကိန်းဟာလည်း သူ့လိုပဲ လုပ်ပြနိုင်ပါလိမ့်မယ် ။ ဒီတော့ အခြေခံအားဖြင့် သူဟာ မန်စီးတီး အတွက် ကြီးကျယ်တဲ့ ပြန်လည် အားဖြည့်ခြင်း တရပ် ဖြစ်လာမှာပါ ။ ”

” နောက်ပြီး ကိန်း အနေနဲ့ သူနဲ့ တွဲကစားရနိုင်တဲ့ မန်စီးတီး ကစားသမားတွေကို ကြည့်လိုက်ရင် ၊ ဒီဘရိုင်း ၊ မာရက်ဇ် ၊ ဖိုဒန် ၊ စတားလင်း စတာတွေ ရှိပြီး ၊ ဒါဟာ သူ့အတွက် ခရစ်စမတ် ပွဲတော်ကြီးက အစောကြီး ရောက်လာတာနဲ့ တူနေပါတယ် ။ မန်စီးတီး ဟာ မကြာသေးခင်ကမှ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးထားလို့ အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမား တွေကို ကိန်း ရဖို့ အတွက် အလိုက်ပေး ကမ်းလှမ်းတာတွေ ရှိလာနိုင်ပါတယ် ။ ”

” ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ ဆိုတာ ကိန်း တော့တင်ဟမ် ကနေ ထွက်ခွာလိုရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ် ။ သူဟာ ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ တိုက်စစ်မှူး တယောက် အနေနဲ့ စံချိန်တွေကို ရိုက်ချိုးနိုင်စွမ်း ရှိပါတယ် ။ ဒီတော့ မန်စီးတီးလို အသင်းမျိုးကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ၊ ဆုဖလားတွေက သူ့အတွက် ဖြစ်လာမှာကို သူ သိထားလောက်မှာပါ ။ ”

” တော့တင်ဟမ် ကတော့ ဟယ်ရီကိန်း မရှိတော့တဲ့ နောက်ပိုင်း ရုန်းကန်ရနိုင်ပါတယ် ။ သူတို့ဟာ ကွင်းပြင်ပမှာတော့ ရည်ရွယ်ချက် ကြီးမားနေပြီး ၊ ဒီမတိုင်ခင် အိမ်ကွင်းသစ် တည်ဆောက်ခဲ့ပြီး ၊ လေ့ကျင့်ရေးကွင်းကိုလည်း ပြုပြင်ခဲ့ပါတယ် ။ ဒါပေမယ့် သူတို့မှာ လက်ရှိ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေကို ယှဉ်နိုင်တဲ့ ကစားသမား အင်အားမျိုး ရှိမနေပါဘူး ။ ”

” ကိန်း ဟာ ထိပ်တန်း ကလပ် တသင်းမှာ ကစားနေသင့်တဲ့ တိုက်စစ်မှူးမျိုးပါ ။ သူဟာ ရှေ့ဆက်ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ ၊ အကောင်းဆုံး အသင်းတွေမှာ ကစားဖို့ ဆန္ဒ ရှိနေပါတယ် ။ တော့တင်ဟမ် ဟာ သူတို့ရဲ့ ခေါင်းဆောင်ကောင်း တဦး ၊ အဓိက ကစားသမား တဦးကို လက်လွှတ်ရတော့မှာ ဖြစ်လို့ ၊ ကြည့်ရတာ သူတို့မှာ ရည်မှန်းချက် ကြီးကြီးမားမား ရှိတော့မယ့်ပုံ မပေါ်ပါဘူး ။ ”

” တော့တင်ဟမ် အနေနဲ့ ပြိုင်ဖက်တွေကို ဆက်ပြီး ရင်ဘောင်တန်းချင်ရင် ၊ အသင်းက လက်ရှိ ကြယ်ပွင့်တွေကို ဆက်လက် ထိန်းသိမ်းချင်ရင် ၊ လာမယ့် အပြောင်းအရွှေ့ စျေးကွက်မှာ ကစားသမားသစ်တွေကို ငွေကြေး အမြောက်အမြား သုံးပြီး ထပ်ခေါ်ဖို့ လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR