Sports

လာမည့် ရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်စွမ်းရှိတဲ့ အသင်း ၄ သင်းကို ပြောပြလိုက်တဲ့ အန်နရီကေး

လီဗာပူး နောက်ခံလူဟောင်း ဟိုဆေးအန်နရီကေးက လာမည့်ရာသီ ပရီးမီးယားလိဂ် ဖလားကို မန်စီးတီး လီဗာပူး မန်ချက်စတာယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ထဲက တစ်သင်းသင်း ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပြီး တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ကိုတော့ title race ထဲကနေ ဖယ်ထုတ်ထားပါတယ်။ ဒီရာသီမှာတော့ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ လက်ကျန် ၃ ပွဲ အလိုမှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင် ခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကတော့ ဒုတိယ နေရာနဲ့ ရာသီသိမ်းမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး လီဗာပူး လက်စတာ တို့ကတော့ လက်ကျန် ချန်ပီယံလိဂ် ၀င်ခွင့် ၂ နေရာစာ အတွက် နောက်ဆုံး ပွဲစဉ် အထိ ယှဉ်ပြိုင် သွားကြမှာ ဖြစ်ပါတယ်။ ဒါဟာ ၄ နှစ် အတွင်း မန်စီးတီးရဲ့ ၃ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလား ဖြစ်ပြီး သမိုင်းတစ်လျှောက် ၇ ကြိမ်မြောက် ဆွတ်ခူးထားခဲ့ပြီး ဖြစ်ပါတယ်။ လီဗာပူး နဲ့ နယူးကာဆယ် နောက်ခံလူဟောင်း အန်နရီကေးက မန်စီးတီးဟာ လာမည့်ရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပေမယ့့် လီဗာပူး မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ကတော့ ဒီဖလားကို ကောင်းကောင်း စိန်ခေါ် နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

အန်နရီကေးက “မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်ကို လွှမ်းမိုးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် လာမည့် ရာသီမှာတော့ ပြိုင်ဆိုင်မှု အများကြီး ပြင်းထန်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ရေပန်းအစားဆုံး အသင်း အဖြစ် ကျွန်တော် မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ချဲလ်ဆီးဟာ သောမတ်တူချယ်ရဲ့ လက်အောက်မှာ တိုးတက်လာခဲ့တဲ့ အပြင် သူတို့ဟာ ဒီနွေရာသီမှာ ငွေကြေးများစွာ သုံးစွဲအုံးမယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။

မန်ယူနိုက်တက် ကလည်း အပြောင်းအရွေ့ စျေးကွက်မှာ မှန်ကန်တဲ့ ကစားသမားတွေ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဖလားကို စိန်ခေါ်နိုင်ပါလိမ့်မယ်။ လီဗာပူး ကလည်း နောက်ထပ် တစ်ကြိမ် အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ပြန်လာပါလိမ့်မယ်။ အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ကတော့ ဒီဖလားနဲ့ နီးစပ်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒါ့ကြောင့် ကျွန်တော် ခုနက ပြောခဲ့တဲ့ အသင်း ၄ သင်းပဲ ဖလားလုရမှာပါ။

အကယ်လို့များ တစ်သင်းသင်းကို ရွေးရမယ် ဆိုရင် ကျွန်တော် မန်စီးတီးကိုပဲ ရွေးချယ်မိမှာပါ။ လီဗာပူးကလည်း အမှန်တကယ် စိန်ခေါ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးတို့ နွေရာသီမှာ ငွေကြေးများစွာ မသုံးစွဲဘူးဆိုရင် လာမည့်ရာသီ မန်စီးတီးရဲ့ဖလား ဖြစ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ဖလားကို အမှတ်အပြတ်အသတ်နဲ့ ဆွတ်ခူးထားခဲ့တဲ့ ကလော့ရဲ့ အသင်းဟာ ဒီရာသီ ဒဏ်ရာပြသနာတွေ များစွာနဲ့အတူ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပြီး အန်နရီကေးက အကယ်လို့များ လီဗာပူးတို့ top 4 ၀င်ခဲ့မယ် ဆိုရင် ဒါဟာ ပြောင်မြောက်လှတဲ့ စွမ်းဆောင်မှုလို့ ဆိုလိုက်ပါတယ်။

စပိန်ဘယ်နောက်ခံလူဟောင်းက “အကယ်၍ လီဗာပူးတို့ ဒီရာသီ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ ကြားထဲကနေ top 4 ၀င်ခဲ့မယ် ဆိုရင် ဒါဟာ အံ့ဖွယ်စွမ်းဆောင်မှု ဖြစ်ပါတယ်။ တစ်ချို့ အချိန်တွေမှာ ဒီအသင်းရဲ့ စွမ်းဆောင်ရည်ဟာ အတော်ဆိုးခဲ့ပေမယ့်လည်း top 4 ၀င်ခဲ့မယ်ဆိုရင် ဒါဟာ အံ့ဖွယ်ဖြစ်ရပ်လို့ပဲ ပြောချင်ပါတယ်။ ဒါဟာ ကလပ်ရဲ့ အနာဂတ်အတွက် တအားကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်ဖို့ အတွက် ကလပ်ဟာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ လိုအပ်ပါတယ်။”

SM