Sports

ဆန်ချို၊ဟားလန်း၊ကိန်းနဲ့ရော်နယ်လ်ဒိုတို့ မန်ချက်စတာယူနိုက်တက်နဲ့ ဘယ်လိုအခြေအနေရှိလဲ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ တောင်ပံနဲ့ တိုက်စစ်တွေကို အားဖြည့်သွားဖို့ ရှိနေရာမှာ ဘယ်ကစားသမားတွေက တကယ်တမ်း ရောက်ရှိလာပြီး အသင်းအတွက် နောက်တစ်ဆင့်မြင့်အောင် စွမ်းဆောင်ပေးနိုင်မလဲဆိုတာက ပရိသတ်တွေအတွက် ရင်အခုန်ရဆုံးကိစ္စလည်းဖြစ်ပါတယ်။

ဒေးလီးမေးလ်သတင်းဌာနကတော့ လက်ရှိမှာ အသင်းနဲ့ အသံထွက်နေကြတဲ့ ဂျေဆန် ဆန်ချို၊ အာလင်း ဟားလန်း၊ ဟာရီကိန်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ရောက်လာနိုင်ခြေအတွက် ကြိုတင်ခန့်မှန်းဟောကိန်းထုတ်လိုက်ပြီး အက်သလက်တစ်သတင်းဌာနရဲ့ ထုတ်ဖော်မှုတွေနဲ့ အိုးလ်ထရက်ဖို့ဒ်က တာဝန်ရှိသူတွေရဲ့ အရိပ်အမြွက်နဲ့ စကားတွေပေါ်လည်း အခြေခံထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ ယူရိုပါလိဂ်ဗိုလ်ရင် ရလာနိုင်မယ့် အကျိုးအမြတ်နဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသုံးပြုနိုင်မယ့် ဘတ်ဂျက်ကို ထည့်သွင်းမတွက်ချက်ခင် ယူနိုက်တက်တို့အနေနဲ့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းဖို့ပဲ စိတ်ကူးနေတယ်လို့ သိရပြီး ပေါင်သန်းရာကျော် သုံးနိုင်မယ့် အခြေအနေမျိုး မရှိဘူးလို့ ဆိုနေကြတာပါ။

ဟားလန်းကို ဒေါ့မွန်ကနေ ခေါ်ယူဖို့ဆိုတာက ပေါင်သန်း ၁၃၀ အနည်းဆုံး ကျသင့်မှာဖြစ်ပြီး စပါးစ်ကနေ ထွက်ခွာလာမယ့် ဟာရီကိန်းက ပေါင်သန်း ၁၂၀ ကျနိုင်ချိန်မှာ အထောင်တိုက်စစ်မှူးတစ်ဦးအတွက် ကာဗာနီကို သက်တမ်းတိုးထားချိန်မှာ ချွေတာပြီး ဈေးနှုန်းသက်သာတဲ့သူတွေဆီ အက်ဒ် ဝုဒ်ဝဒ်တစ်ယောက် မျက်နှာလှည့်သွားနိုင်ပါတယ်။

ဒီအချိန်မှာ ပေါင်သန်းဆယ်ဂဏန်းအနည်းငယ်သာ ကျသင့်မှာဖြစ်ပြီး ဂိုးသွင်းခြေ ကောင်းမွန်နေဆဲဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းအတွက် ပုံရိပ်နဲ့ ငွေကြေးအကျိုးအမြတ် ရှာဖွေနိုင်မှုအရပါ စံထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်နေခဲ့ပြီး ဘယ်တောင်ပံတိုက်စစ်မှာရော အထောင်မှာပါ အသုံးပြုနိုင်မယ့်သူအဖြစ် နှစ်ပေါင်းတစ်ဒါဇင်အကြာမှာ တစ်ကျော့ပြန် ပေါင်းထုပ်ဖို့ ဖြစ်လာနိုင်တာပါ။

တူရင်ကနေ ချန်ပီယံလိဂ်မဝင်ဖို့ တော်တော်လေးသေချာနေတဲ့ ဂျူဗင်တပ်စ်အသင်းကတော့ လစာနှုန်းထားများသလို အသင်းရဲ့ ဘဏ္ဏာရေးနဲ့ မကိုက်ညီနိုင်တော့တဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးကို ရောင်းချသွားဖို့ ရာနှုန်းပြည့်နီးပါးရှိနေပြီး အိုးလ်ထရက်ဖို့ဒ်မှာတော့ အသက်အကြီးဆုံးကစားသမားဖြစ်လာနိုင်တဲ့ ရော်နယ်လ်ဒိုဟာ လစာအမြင့်ဆုံးကစားသမားအဖြစ်နဲ့ အင်္ကျီများများရောင်းဖို့ ကူညီပေးနိုင်မှာတော့ မြေကြီးလက်ခတ်မလွဲဖြစ်နေပါတယ်။

ဆန်ချိုကတော့ သူ့ကိုမှ မခေါ်ရင် ပရိသတ်တွေနဲ့ မျက်နှာပျက်ရမှာဖြစ်တဲ့အတွက် နာမည်ကြီး ထမင်းငတ်လို့ အပြောမခံရခင်မှာ လာမယ့်ရာသီအတွက် လျော့ကျသွားနိုင်တဲ့ ပေါင်သန်း ၈၀ လောက်နဲ့ တောင်ပံနှစ်ဖက်စလုံးမှာ အသုံးပြုနိုင်ဖို့ ခေါ်ယူသွားမှာဖြစ်ပြီး အရန်အစီအစဉ်အဖြစ်တော့ ပေါ့ဘာကိုပါ ရောင်းဖြစ်ခဲ့ရင် တောင်ပံရော ကွင်းလယ်မှာပါ ကစားပေမယ့် ဗီလာရဲ့ ဂရီးလစ်ရှ်ကိုလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကျန်တဲ့ ရာသီသစ် စီမံကိန်းမှာတော့ ညာနောက်ခံအတွက် အက်သလက်တီကိုရဲ့ ဝါရင့်နောက်ခံလူ ထရစ်ပီယာ၊ ဘယ်သန်ခံစစ်အတွင်းလူ ပေါ်တောရက်စ်နဲ့ ဒေါင်ဒေါင်မြည် မဟုတ်တဲ့ ကွင်းလယ်ခံစစ်အတွက် ဒက်ကလန် ရိုက်စ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဆာဂျီယို ရာမို့စ်ကိုတော့ ကံသေကံမ မပြောနိုင်သေးသလို မန်ချက်စတာယူနိုက်တက်တို့ ဘယ်သူတွေကို ရောင်းချပြီး ဒီလူတွေကို ပြန်ခေါ်မယ်ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.