Sports

ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲကို ရင်ခုန်ရအုံးမယ့်..ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရာသီပိတ် ပွဲစဉ်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲနဲ့ ရင်ခုန်မှု အပြည့် ပေးစွမ်းအုံးမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်ဟာ အဆိုပါ ပွဲစဉ်တွေ အတွက် သူ့ရဲ့ ခန့်မှန်းချက်ကို ချပြခဲ့ပါတယ်။

လက်စတာ vs တော့တင်ဟမ် ဒီနှစ်အစမှာတုန်းက ဒီပွဲစဉ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ အတွက် အဆုံးအဖြတ် ပေးနိုင်မယ့် ပွဲတစ်ပွဲလို့ ယူဆခဲ့မှာပါ။ ဒါပေမယ့်လည်း စပါးဟာ လျှင်မြန်စွာ ကျဆင်းသွားခဲ့ပြီး top 4 ကနေ လွင့်စင်သွားခဲ့ပါတယ်။ လက်စတာ ကလည်း မကြာသေးမီက ပုံစံကောင်းတွေ ပျောက် ဆုံးနေတာကြောင့် စပါးလိုပဲ ဖြစ်သွားမယ့် အသင်း အဖြစ် ကျွန်တော်တို့ မကြာခင် ပြောသွားရနိုင်ပါတယ်။ မြေခွေးပြာတို့ဟာ top 4 တစ်နေရာစာ အ တွက် တော့တင်ဟမ်ကို အနိုင်ရဖို့ လိုအပ်တဲ့ အပြင် လီဗာပူး ဒါမှမဟုတ် ချဲလ်ဆီး တစ်သင်းသင်း အမှတ်လျော့ဖို့ မျှော်လင့်ရတဲ့ အနေအထား ဖြစ်နေပါတယ်။

နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အကောင်းဆုံး ပုံစံကို ပြသထားနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်ဟာ ပြီးခဲ့တဲ့ ရာသီက လက်စတာတို့ နောက်ဆုံး ပွဲစဉ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် လက်လွှတ်ခဲ့ရပုံကို ပြန်တွေးမိနေခဲ့ပါတယ်။ ရော်ဂျာရဲ့ အသင်းဟာ ဒီလို ဖိအားများတဲ့ အခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့်ပုံ မရှိပါဘူး။ ကျွန်တော် စပါးဟာ ဒါကို ခံစားမိနေလိမ့်မယ်လို့ ယူဆပြီး အဝေးကွင်းနောက်ဆုံး ပွဲစဉ်မှာ ရမှတ်တွေ စုဆောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – လက်စတာ ၁-၂ တော့တင်ဟမ်

ဝုဖ် vs မန်ယူနိုက်တက် ဝုဖ်ဟာ ဒီရာသီရဲ့ ကာလအများစုမှာ လုံလောက်တဲ့ စွမ်းဆောင်မှု ရှိခဲ့ပါတယ်။ အကယ်လို့များ ရာအူးဂျီနီနက်သာ ရာသီအစမှာ ဆိုးရွားတဲ့ ဦးခေါင်းဒဏ်ရာ မရခဲ့ဘူးဆိုရင် ဝုဖ်ဟာ ဒီထက် အများကြီး ပိုကောင်းနေမှာပါ။ ယူနိုက်တက် ကတော့ လူတော်တော်များများ ထင်ထားတဲ့ နေရာထက် ပိုမြင့်နေခဲ့ပါတယ်။ သရဲနီတို့ရဲ့ အဝေးကွင်း ပုံစံကောင်းဟာ ဒီရာသီ တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့ အရာပါပဲ။ ကျွန်တော် ကတော့ သူတို့ နောက်ဆုံး အဝေးကွင်း နိုင်ပွဲ ထပ်ရအုံးမယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – ဝုဖ် ဝ-၁ မန်ယူနိုက်တက်

အာဆင်နယ် vs ဘရိုက်တန် အာဆင်နယ် ပရိတ်သတ်တွေ အတွက် ကတော့ အတက်အကျတွေ များတဲ့ ရာသီတစ်ခုပါပဲ။ ရာသီအစ တာထွက်ကောင်းခဲ့ ပေမယ့်လည်း နောက်ပိုင်းမှာတော့ အက်ကွဲကြောင်းတွေ စတင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၄ ပွဲဆက် နိုင်ထားခဲ့ပြီး အနည်းငယ် ပင်ပန်းနေပုံရတဲ့ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမှာပါ။ ကျွန်တော် ကတော့ ဂန်းနားတို့ ၅ ပွဲဆက် အနိုင်နဲ့ ရာသီသိမ်းလိမ့်မယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၁-၀ ဘရိုက်တန်

အက်စတွန်ဗီလာ vs ချဲလ်ဆီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း ရလဒ်ဆိုး တစ်ချို့ ကြုံခဲ့ရပေမယ့်လည်း ချဲလ်ဆီးဟာ ဒီရာသီ သူတို့ရဲ့ စွမ်းဆောင်မှုကို ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယ ရာသီဝက်မှာပါ။ ချဲလ်ဆီး ပရိတ်သတ်တွေဟာ လာမည့် တစ်ပတ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရင်ခုန်ရအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမတိုင်မီ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် သေချာအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ နောက်ပိုင်းပွဲစဉ်တွေမှာ ချဲလ်ဆီးဟာ ပုံစံကောင်း အနည်းငယ် ပျောက်ဆုံးနေပေမယ့် အကယ်၍ ဗီလာပက်မှာ အကောင်းဆုံး ပုံစံနဲ့ ထွက်လာနိုင်ခဲ့မယ် ဆိုရင် ချဲလ်ဆီးတို့ ဒီပွဲကို နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – အက်စတွန်ဗီလာ ဝ-၂ ချဲလ်ဆီး

လီဗာပူး vs ခရစ်စတယ်ပဲလေ့စ် Top 4 ဝင်ခွင့် ရဖို့ အတွက် လီဗာပူးတို့ ဒီပွဲကို အနိုင်ရတာနဲ့ လုံလောက်နိုင်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးထက် ရလဒ်ကောင်းခဲ့မယ် ဆိုရင် ကြိုးကြာနီတို့ အဆင့် ၃ နေရာနဲ့ အဆုံး သတ်မှာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ တကယ့် အလှည့်အပြောင်းပါပဲ။ ပထမရာသီဝက်မှာ ဒဏ်ရာ ပြသနာတွေဟာ သူတို့ကို တအား ထိုးနှက်ခဲ့ပါတယ် ဒါ့ကြောင့် လာမည့်နှစ် လူစုံတက်စုံ ပြန်ဖြစ်တဲ့အခါ ကလော့ရဲ့ အသင်းဟာ နောက်တစ်ကြိမ် အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ပစ်မှတ်ထားနေမှာပါ။ အဲဒီမတိုင်မီ ဒီပွဲဟာ လီဗာပူးတို့ မဖြစ်မနေ အနိုင်ယူရမယ့် ပွဲပါပဲ။ ဘာအတွက်မှ ကစားရဖို့ မရှိတဲ့ ပဲလေ့စ်နဲ့ ပွဲမှာ သူတို့ ပြီးပြတ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – လီဗာပူး ၂-၁ ပဲလေ့စ်

မန်စီးတီး Vs အဲဗာတန် မန်စီးတီးကတော့ ဒီပွဲစဉ် အပြီး ပရိတ်သတ်တွေ ရှေ့မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်တော့မှာ ဖြစ်ပါတယ်။ လာမည့် တစ်ပတ် ချန်ပီယံလိဂ် ဖိုင်နယ် ရှိနေပေမယ့်လည်း ပက်ဂွာဒီယိုလာဟာ အီတီဟတ်မှာ နိုင်ပွဲနဲ့ အတူ ဖလား ကိုင်မြှောက်ဖို့ ရည်မှန်းနေမှာပါ။ မန်စီးတီးတို့ ကစား သမား အပြောင်းအလဲ အနည်းငယ် လုပ်သွားနိုင်မယ့် အဲဗာတန် အတွက် အရမ်းတောင့်တင်းနေမှာပါ။ အဲဗာတန် ကတော့ Europa Conference League ဝင်ဖို့အတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်။ ဒါပေမယ့် လက်ရှိ ချန်ပီယံပဲ နိုင်ပွဲ ရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – မန်စီးတီး ၃-၁ အဲဗာတန်

အခြား ပွဲစဉ်တွေ အတွက် အိုဝင်ရဲ့ ခန့်မှန်းချက်များ
ဝက်ဟမ်း ၂-၁ ဆောက်သမ်တန် ရှက်ဖီး ၁-၁ ဘန်လေ
ဖူဟမ် ၁-၂ နယူးကာဆယ် လိဒ် ၃-၁ ဝက်ဘရွမ်း

SM