Sports

မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ ဒီဘရိုင်းနဲ့ တွဲကစားဖို့ဟာ တိုက်စစ်မှူးတွေရဲ့ အိမ်မက်ပါလို့ ဆိုလာတဲ့ ဟယ်ရီကိန်း

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ စပါးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူမယ်လို့ သတင်းကြီးနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းကို ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဟယ်ရီကိန်းဟာ ယခု ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ စပါးအသင်း ကနေ ထွက်ခွာလိုကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားသူ ဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က ကြိုးစားနေကြပါတယ်။

ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်သလို ဟယ်ရီကိန်းကလည်း မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိထားရပါတယ်။ လတ်တလောမှာ ချယ်လ်ဆီးအသင်းက ဟယ်ရီကိန်း အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ဖွယ် ရှိနေပြီး ဟယ်ရီကိန်းကတော့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းနဲ့ တွဲဖက် ကစားဖို့ဟာ တိုက်စစ်မှူးတိုင်းရဲ့ အိမ်မက်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီဘရိုင်းနဲ့ ပတ်သတ်ပြီး ဟယ်ရီကိန်းက – “ဒီဘရိုင်း ကစားတာကို ကျွန်တော် ကြည့်မိတိုင်း သူက စပါယ်ရှယ် ကစားသမားဆိုတာ သိလာပါတယ်။ ရိုးရိုးသားသား ပြောရရင် သူက အရမ်းကို ကောင်းတဲ့ ကစားသမားတဦး ဖြစ်သလို စီးတီးအသင်းမှာ သူ ပေးလိုက်တဲ့ တချို့ ပေးပို့မှုတွေက တိုက်စစ်မှူးတွေ အိမ်မက်ထဲမှာတောင် လိုချင်တဲ့ ပေးပို့မှုတွေပါ။ သူက ဘောလုံးရှိနေတဲ့ အချိန်မှာ ကောင်းသလို ၊ ဘောလုံးမရှိတဲ့ အချိန်တွေ ၊ ဖိအားပေးတဲ့ အချိန်တွေနဲ့ သူ့ရဲ့ ပေးပို့မှုတွေကလည်း ကျွန်တော် တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ” လို့ ပြောကြား သွားခဲ့တာပါ။ မန်ချက်စတာ စီးတီးအသင်းက သူ့ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အခုလို ဒီဘရိုင်းကို ချီးကျူးစကား ပြောခဲ့တဲ့ ဟယ်ရီကိန်းတယောက် မိုးပြာရောင် တပ်သားတဦး ဖြစ်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Credit – MySportMyanmar

Unicode




Credit – MySportMyanmar