Sports

ဘရူနို ဖာနန်ဒက်စ်ရဲ့ အရည်အသွေး နှစ်ခုကို ဆာ အဲလက်စ် ဖာဂူဆန် ထုတ်ဖော် ချီးကျူး

ဘရူနို ဖာနန်ဒက်စ် ဆိုတာ 2020 ဇန်နဝါရီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက နဲ့ လက်ရှိ ဘောလုံး ရာသီမှာပါ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမားဆုကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။

အခြား တစ်ဖက်မှာတော့ သူဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း အသင်းရဲ့သွင်းဂိုး 43 ဂိုးအထိနဲ့ တိုက်ရိုက် ပါဝင် ပတ်သက် နိုင်ခဲ့ပြီး ယူနိုက်တက်ကို အမှတ်ပေး ဇယား အဆင့် 2 နေရာ ၊ ယူရိုပါလိဂ် ဖိုင်နယ် အထိ ရောက်အောင် ပို့ဆောင် ထားနိုင်ခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန်က ပေါ်တူဂီ လက်ရွေးစင် ဘရူနို ဖာနန်ဒက်စ် ကို တည်ငြိမ်မှု ရှိသူ ၊ ယုံကြည်မှု အပြည့် ရှိသူလို့ ခေါ်ဝေါ်ပြီး ပင်နယ်တီ ကန်သွင်းပုံကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ဒီကောင်လေးက အံ့ဖွယ်ပါပဲ ။ သူဟာ အရေးကြီးတဲ့ သွင်းဂိုး အချို့ကို သွင်းယူ ထားနိုင်ခဲ့သလို သူဟာ ပင်နယ်တီတွေကိုလည်း ပင်တိုင် ကန်သွင်းခဲ့ ပါတယ် ။ သူဟာ အဲ့တာတွေကို ယုံကြည်မှု အပြည့်နဲ့ ကန်သွင်းပြနိုင်ခဲ့ပါတယ် ”

” ပြိုင်ဖက် ဂိုးသမားတွေက သူပင်နယ်တီ ကန်တဲ့အခါ ဘောလုံးနဲ့ နီးစပ်တဲ့ နေရာအထိကို ရောက်ခဲ့ကြတယ်လို့တောင် ကျွန်တော် မထင်မိပါဘူး ။ သူဟာ တည်ငြိမ်သူ တစ်ဦး ပါပဲ ။ ဂိုး ဧရိယာ ပြင်ပမှ သူ့ရဲ့ ကန်ချက်တွေက ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လိုအပ်နေခဲ့တဲ့ အရာတွေကို သူ ယူဆောင် ပေးနိုင်ခဲ့ပါတယ် ။ သူဟာ ပြိုင်ဖက် ဂိုးဖက်ခြမ်းကို အလန်းစား ဘောလုံး ပေးပို့မှုတွေ လုပ်ဆောင်နိုင်ပါတယ် ။ အဲ့တာက ပြိုင်ဖက် ခံစစ်ကြောင်းကို ပွင့်ထွက်စေပါတယ် ။ ဒါလို လုပ်ပြနိုင်ဖို့က အရမ်းအရေးကြီးပါတယ် ” လို့ ဆာအဲလက်စ် ဖာဂူဆန်က ထုတ်ဖော် ချီးကျူး ခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှား ကတော့ ဒီလအစလောက်တုန်းက သူဟာ ယခုထိ နည်းပြဟောင်း ဖြစ်သူနဲ့ စကား ပြောခွင့် မရရှိခဲ့သေးကြောင်း ၊ ဒါဟာ ကစားသမားတွေအတွက် ဝမ်းနည်းစရာ တစ်ခု ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ် ။

#Sports_Myanmar