အင်္ဂလန်မြေမှာ ပထမဆုံး စတင်ကစားခဲ့ရတဲ့ ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပြီး ခက်ခဲမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဟားဗက်ဇ်

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို မြောက်များလှတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နနဲ့ ရောက်ရှိလာခဲ့တဲ့ အသင်းရဲ့ ဂျာမနီတိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်က သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက်ရာသီဟာ အလွန်တရာကို ခက်ခဲလွန်းခဲ့ရပြီး သူနဲ့အတူ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဂျာမန်အသင်းဖော်ကစားသမား တိုက်စစ်မှူးတီမိုဝါနာရဲ့ အားပေးမှုတွေကြောင့်သာ အဆင်ပြေခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွှယ်ရှိ ဂျာမနီကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဟားဗက်ဇ်ဟာ လေဗာကူဆင်အသင်းမှာ အတော်လေး ခြေစွမ်းပြခဲ့လို့ ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းနဲ့ ခေါ်ယူခဲ့လိုက်တာဖြစ်ပါတယ်။ မြောက်များလှစွာသော ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တဲ့ ဟားဗက်ဇ်ဟာ အင်္ဂလန်မြေမှာ စတင်ပွဲထွက်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရကြောင်း ကစားသမားကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဟားဗက်ဇ်က “အရိုးသားဆုံး ပြောရမယ်ဆိုရင် အလွန်ကို ခက်ခဲလွန်းခဲ့ပါတယ်။ ကျွန်တော့်အတွက် ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ရပ်ဖြစ်ခဲ့တာကို။ ဒါက အရမ်းခက်ခဲလွန်းတယ်။ ဘာကြောင့်လဲဆိုတော့ (၃)ရက်ကို (၁)ပွဲလောက်ကစားနေရပြီး ကစားအားတွေကလည်း ဂျာမနီမှာထက်ကို ပိုပြီးပြင်းထန်လှပါတယ်။ ဒါက ကျွန်တော်နဲ့ တီမိုဝါနာတို့အတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အနားမှာ သူရှိနေတာမို့ ကျွန်တော့်အတွက် အဆင်ပြေသလို ခံစားရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေက တခြားကစားသမားတွေထက် ပိုပြီးပြောရဆိုရ လွယ်ကူနေလို့ပါပဲ။ ကျွန်တော်တို့(၂)ယောက်လုံးရဲ့ ဒီရာသီအတွင်း အခြေအနေတွေကတော့ မတူညီကြပါဘူး။ သူက ဒီရာသီအတွင်းမှာ ပိုပြီးတော့ ကံဆိုးခဲ့ရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၂)လ(၃)လလောက်ကတည်းကနေ အခုချိန်ထိဆိုရင်တော့ ကျွန်တော်ရဲ့ ကစားပုံတွေ ပိုကောင်းလာတယ်လို့ ထင်ရပါတယ်။ ဒီအတိုင်းလေး ရှေ့ဆက်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဟားဗက်ဇ်ကို ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ အသုံးပြုလေ့ရှိသလို ဟားဗက်ဇ်ကိုယ်တိုင်ကလည်း ဂျာမန်လူမျိုးနည်းပြ လက်အောက်မှာ ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်လာခဲ့ရပြီး လာမယ့်ရာသီမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် မြင်တွေ့လာရဖွယ် ရှိနေပါတယ်။

Credit – MySportMyanmar

Unicode




Credit – MySportMyanmar