Sports

မန်ယူအသင်းကို ဦးဆောင်ပြီး ယူရိုပါလိဂ်ဖိုင်နယ်ဆီ ချီတက်သွားခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်

ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကတော့ ဗီလာရီးရဲလ်အသင်းနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကို ယှဉ်ပြိုင် ကစားဖို့ ယမန်နေ့ညက ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အတူ ဖိုင်နယ်ပွဲ ကျင်းပမယ့် ပိုလန်နိုင်ငံ Gdansk မြို့ကို လိုက်ပါသွားတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၁ရက်နေ့မှာ အသက် ၈၀ ပြည့်တော့မယ့် ဖာဂူဆန်ဟာ အသက်အရွယ် ရလာပြီ ဖြစ်ပေမယ့် တပည့်ဟောင်း ဆိုးလ်ရှားရဲ့ မန်ချက်စတာနည်းပြဘဝ ပထမဦးဆုံး ဖလားဖိုင်နယ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါအားပေးဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းက စီးရီးအေကလပ် ရိုးမားအသင်းကို ဆီမီးဖိုင်နယ် အဆင့်မှာ ကျော်ဖြတ်နိုင်ခဲ့ကတည်းက စိတ်အားထက်သန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဖိုင်နယ်မှာ စပိန်ကလပ် ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဗီလာရီးရဲလ်အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီဟာ ယူရိုပါလိဂ်ဖလားကို ၃ကြိမ် အထိ ရယူနိုင်ခဲ့ဖူးတဲ့ နည်းပြကောင်းတဦး ဖြစ်တာကြောင့် အဆိုပါပွဲစဉ်မှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာဟာ အတော်လေးကို ခန့်မှန်းရခက်ပါတယ်။ တစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားအတွက် ယခုနှစ် ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်ဟာ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး အကြိမ် ကစားရမယ့် ဥရောပအဆင့် ဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။


မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့ တပည့်ဟောင်း ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဘဝ ပထမဦးဆုံး ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားသလို ယူရိုပါလိဂ်ဖိုင်နယ် မစတင်ခင်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေကို စိတ်ဓာတ် တက်ကြွစေမယ့် စကားတွေ ပြောကြားသွားမယ်လို့လည်း သိရပါတယ်။ ဗီလာရီးရဲလ်အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ဖိုင်နယ် အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ စီနီယာ ကစားသမားတွေ အားလုံးကို ခေါ်ဆောင်သွားသလို တက်သစ်စ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂိုးသမား ဘီရှော့နဲ့ တိုက်စစ်မှူး ရှောတိုင်းယားတို့ကိုလည်း ခေါ်ဆောင်သွားခဲ့ပါတယ်။

Credit