Sports

အိမ်အပြန်မှာ ဆုဖလားယူလာနိုင်ဖို့လိုတယ် — ဂရင်းဝုဒ်

ဂရင်းဝုဒ်က မန်ယူအနေဖြင့် ဆုဖလား မရရှိသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် ယူရိုပါလိဂ်ကို မဖြစ်မနေ အနိုင်ယူရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။ ဗုဒ္ဓဟူးနေ့တွင်ကစားမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ဗီလာရီးရဲကို အနိုင်ရရှိခဲ့ပါက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဆုဖလားတစ်ခုကို မန်ယူရရှိမည်ဖြစ်ပြီး အဆိုပါဆုဖလားရရှိရေးသည် ဆိုးရှား၏အသင်းအတွက် အရေးပါကြောင်း
ဂရင်းဝုဒ်ကဆိုသည်။

“အိမ်ကို ဆုဖလားတစ်လုံး ပြန်ရလာဖို့က မန်ယူအတွက် အရေးကြီးတယ်။ ဆုမရတာလည်း နှစ်တော်တော်ကြာပြီလေ။ ဆုဖလားရတဲ့အသင်းမှာ ပါဝင်ရတဲ့ ခံစားချက်က ထူးခြားမှာပါ။ လူငယ်အကယ်ဒမီရဲ့ နံရံတွေပေါ်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား ဆုရတဲ့ ဓာတ်ပုံတွေ ချိတ်ထားနိုင်တာဟာ ထူးခြားပါတယ်”

“ကမ္ဘာ့အကောင်းဆုံး၊ အင်္ဂလန်ရဲ့အကောင်းဆုံး ကလပ်အသင်းတစ်သင်း ဖြစ်ချင်တယ်ဆိုရင် ဗိုလ်လုပွဲကအပြန်မှာ ဆုဖလားပါဖို့လိုတယ်။ မန်ယူ ဒီလိုမလုပ်နိုင်တာ နှစ်အနည်းငယ်ကြာပြီ။ မန်ယူဟာ ဒီနှစ်တွေထဲမှာ ခြေအနည်းငယ်ကျတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ဆုဖလားတွေ ပြန်လည်ရယူရေး ပထမခြေလှမ်းအဖြစ် ဗီလာရီးရဲကို အနိုင်ကစားနိုင်ဖို့လိုတယ်”ဟု ဂရင်းဝုဒ်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်က မန်ယူစီနီယာအသင်းကြီးတွင် စတင်ကစားခဲ့သည့် ဂရင်းဝုဒ်သည် ပြီးခဲ့သည့်နှစ် ရာသီအတွက် ၁၇ ဂိုး သွင်းနိုင်ခဲ့သည်။ ယခုနှစ်တွင် ဘောလုံးရာသီအစ၌ ခြေပျက်နေသော်လည်း မတ်လလယ်မှစ၍ ခြေစွမ်းတက်လာသော ဂရင်းဝုဒ်သည် ယခုနှစ် ရာသီအတွက် ၁၂ ဂိုးသွင်းယူထားနိုင်သည်။

Credit – inarr journal