Local News

တောင်ကြီးမြို့ တစ်ညတည်း အရပ်သား (၅၀)ကျော်ဖမ်းခံရ၊

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယမန့်နေ့ (မေ ၂၄) ရက်တွင် တရက်အတွင်း စစ်ကောင်စီမှ အရပ်သား (၅၀) ဝန်းကျင် ကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ညနေ (၆)နာရီဝန်းကျင်မှ စတင်ကာ တောင်ကြီးမြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီ အုပ်စု တားဆီး စစ်ဆေးကာ ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနေ့ည က ကျမ မြင်တာတောင် ဖမ်းခံရတဲ့သူ (၁၀)ယောက်လောက်ရှိတယ်။ မြေပုံနား မှာ အိမ်စီးကားရော၊ ရွာက ကားရော လာသမျှကားကို တားဖမ်းတာပဲ။ ကလေးတွေ ရော မိခင်တွေရောပါတယ်” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဆက်လက်ပြီး ယမန်နေ့ ည (၉ )နာရီကျော်တွင်လည်း စစ်ကောင်စီ အုပ်စုသည် တောင်ကြီးမြို့ ပြည်သူများ၏ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

“ ည ၉ နာရီမှာ အိမ်ထဲထိဝင်ဖမ်းတာ။ လမ်းကြိုလမ်းကြားတွေမှာ တားဖမ်းတာတွေ လုပ်တယ်။ အိမ်ထဲမှာနေတဲ့ ပြည်သူ (၅)ဦးပါသွားတယ်” ဟု ၎င်း က ဆိုသည်။

တောင်ကြီးမြို့ပေါ်တွင် နေရာအနှံ့၊ လမ်းကြိုလမ်းကြားမကျန် စစ်ကောင်စီ အုပ်စု သည် လမ်းသွားလမ်းလာများကို စစ်ဆေးကာ ဖမ်းဆီးမှု များပိုလုပ်ဆောင်လာကြောင်း လည်း သိရသည်။
“ သူတို့လမ်းမှာတင်ဆွဲတယ်။ မနေ့ည အများကြီးပါသွားတယ်။ စစ်ဆေးပြီးအတင်းဖမ်းတာ။ ညအချိန်ဆိုတော့ သူတို့ အရမ်းလိုက်ဖမ်း နေတယ်။ ကျမတို့တောင် ကိုယ်လုံခြုံးရေးကို စိတ်ပူနေရပြီ” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦး က ပြောသည်။

ယခုရက်ပိုင်း ကယားပြည်(ကရင်နီ)ပြည် တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် စစ်ကောင်စီအုပ်စု ကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီအုပ်စုမှ အထိအခိုက်များနေသဖြင့် သျှမ်းတောင် တောင်ကြီးမြို့တွင်လည်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီ အုပ်စုက လိုက်လံဖမ်းဆီးနေခြင်းဖြစ်နိုင်သည်ဟု တောင်ကြီး ပြည်သူတွေက သုံးသပ်ပြောသည်။

“ ကယားဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲ တောင်ကြီး ကူးလာမှာလည်း ကြောက်ကြတဲ့သဘောပဲ။ ဒါကြောင့် သူတို့တွေ တွေ့သမျှလိုက်ဆွဲနေတာ။ဖမ်းနေတာ” ဟု တောင်ကြီး လူငယ်တဦးက ပြောသည်။

သျှမ်းသံတော်ဆင့်ကို ပေးပို့လာသည့် မြေပြင်သတင်းအရ ယမန့် မေ ၂၄ တွင် တောင်ကြီးမြို့ပေါ်တွင် ဖမ်းဆီးခံရသူ ၅၀ ကျော်ရှိကြောင်းသိရသည်။

ထို့ပြင် ယမန်နေ့ တွင် တောင်ကြီးမြို့ ကြံ့ခိုင်းရေးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ည အချိန်တွင် ပြည်သူများကို အကြမ်းဖက် လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့ရှိ လမ်းမပေါ်ရှိ ပြည်သူများများကို တားဆီးပြီး ဖုန်းများ စစ်ဆေးခြင်း ၊ ဖေ့ဘုတ်များ စစ်ဆေးခြင်း ၊ ပိုက်ဆံတောင်းခြင်းများလည်း ရှိခဲ့သည်။ကရက်ဒစ်