Sports

ယူနိုက်တက်သာ ဒီကစားသမားတွေကို ခေါ်ယူနိုင်မယ်ဆိုရင် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ စခိုးယုံကြည်နေ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် ကွင်းလယ်ကနေ အကောင်းဆုံး ဖန်တီးမှုတွေ လုပ်ဆောင်ပေးနိုင်မယ့် ကစားသမားတစ်ဦးနဲ့ ခံစစ်မှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက်ကစားနိုင်မယ့် ခံစစ်ကစားသမားကောင်းတစ်ယောက်ကို လာမယ့်နွေစျေးကွက်အတွင်းမှာ ခေါ်ယူအားဖြည့်သွားဖို့ လိုအပ်တယ်လို့ ပေါလ်စခိုးက ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရရှိခဲ့ပေမယ့် ထိပ်ဆုံးက ချန်ပီယံ မန်စီးတီးအသင်းနဲ့တော့ ရမှတ်က (၁၂)မှတ်အထိကို ကွာဟလို့နေပါတယ်။ ဒါကြောင့် လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံပြေးလမ်းထဲ ပါဝင်နိုင်ပြီး ချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်နေစေဖို့အတွက် မဖြစ်မနေ ခေါ်ယူသွားသင့်တဲ့ ကစားသမား(၂)ဦး ရှိနေတယ်လို့ အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ပေါလ်စခိုးက အကြံပြုပြောဆိုသွားခဲ့ပါတယ်။ စခိုးက “ကျွန်တော်တို့အနေနဲ့ ဖန်တီးမှုကောင်းတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်”

“ဂရီးလစ်ရှ် ဒါမှမဟုတ် ဆန်ချိုပေါ့။ ဒီကစားသမား(၂)ယောက်ထဲက (၁)ယောက်ယောက်ကို ရောက်လာစေချင်ပါတယ်။ ဘယ်ခြေအားသန်တဲ့ ဗဟိုခံစစ်မှူးတစ်ယောက်လောက် အသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင်လည်း ဒါက အသင်းအတွက် အတော်လေးကောင်းတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ဒါက သိပ်တော့ မလိုအပ်ဘူးလို့လည်း ကျွန်တော်ထင်မိတယ်။ ကျွန်တော်က မက်ဂွိုင်းယားရဲ့အနားမှာ သူနဲ့ တွဲဖက်ကစားဖို့အတွက် ခံစစ်မှူးတစ်ယောက်ကို မြင်တွေ့ချင်နေတာ။ လင်ဒီလော့ကလည်း အဆင်ပြေအောင် ကစားနိုင်သူပါ။ ဒါပေမယ့် အဆင်ပြေအောင် ကစားနဲ့ရုံနဲ့တော့ အမှတ်ပေးလိဂ်ဖလားရဲ့ ချန်ပီယံဖြစ်လာဖို့ လုံလောက်မှာတော့ မဟုတ်ပါဘူး။ ပီအက်စ်ဂျီအသင်းက မာကွင်ဟို့စ်။ သူက မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့အတွက် အသင့်တော်ဆုံးသော ခံစစ်မှူးတစ်ဦးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူဆိုရင်တော့ အသင်းက ပြောင်းရွှေ့ကြေးများစွာနဲ့ ကမ်းလှမ်းရလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ သတင်းတွေ ထွက်နေပြီး ခံစစ်ပိုင်းအတွက်ကိုတော့ ရီးယဲလ်နောက်ခံလူ ဗာရန်းကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ကရက်ဒစ်