Sports

ဗိုလ်လုပွဲတောင်မကန်ရသေးဘဲ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဂရင်းဝုဒ်

ဒီနေ့မှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ ဗီလာရီးရဲလ်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကစားကြတော့မှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန်၊ ကြာသပတေးနေ့ နံနက် ၁း၃၀ နာရီမှာ ကစားကြမှာဖြစ်ပြီး အင်္ဂလန် နဲ့ စပိန်တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ မော်ရင်ဟိုလက်ထက်မှာ ယူရိုပါလိဂ်ဖလားကိုရယူထားဖူးတဲ့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ရဲ့ဘုရင်လို့ တင်စားခံထားရတဲ့ နည်းပြအမ်မရီကို ကျော်ဖြတ်နိုင်ဖို့ အားထုတ်ရမှာလည်းဖြစ်ပါတယ်။

ပိုလန်မှာကစားသွားမှာဖြစ်ပြီး Gdansk ကွင်းကြီးကတော့ မနေ့က ပြင်ဆင်မှုတွေကို ပြုလုပ်ပြီး စမ်းသပ်မှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲကျင်းပဖို့အတွက် အသင့်ဖြစ်နေအောင် ပြင်ဆင်ရာမှာတော့ ကွင်းအတွင်းမှာ ယူနိုက်တက်တိုက်စစ်မှူးဂရင်းဝုဒ်ကို ဗိုလ်လုပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ဖော်ပြထားတာ တွေ့ရှိခဲ့ရပြီး ပရိသတ်တွေက ကြိုတင်ဟောကိန်းထုတ်လိုက်တာလားလို့ နောက်ပြောင်မှုတွေရှိနေပါတယ်။

ဒါ့အပြင် ပွဲစဉ်ရလဒ်မှာလည်း ဒုတိယပိုင်း မိနစ် ၅၀ ကျော်မှာ ဗီလာရီးရဲလ် ၂-၃ ယူနိုက်တက် ဆိုပြီး စမ်းသပ်ဖော်ပြထားမှုရှိခဲ့ပါတယ်။ UEFA အနေနဲ့ ဒီပွဲကိုကြိုပြီးတော့ ရလဒ်ဖော်ပြပေးနေတယ်လို့ တွစ်တာပေါ်မှာ ပရိသတ်တစ်ဦးက နောက်ပြောင်ရေးသားခဲ့ပြီး ယူနိုက်တက်အနေနဲ့ ပွဲတောင်မကန်ရသေးခင်ပဲ ဆုဖလားရော၊ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနေခဲ့ပြီဆိုတဲ့ ရေးသားမှုတွေလည်း ရှိနေခဲ့ပါတယ်။

ဒီပွဲစဉ်အတွက် နှစ်သင်းစလုံးဟာ အဓိကကစားသမားအားလုံးကို ပိုလန်ဆီခေါ်ဆောင်လာခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားကတော့ အသင်းနဲ့အတူလေ့ကျင့်ခန်းမဆင်းနိုင်သေးဘူးလို့ သိရပြီး ပါဝင်ဖို့ မသေမချာဖြစ်နေပါတယ်။ ဗီလာရီးရဲလ်ကတော့ အဓိကကစားသမားအားလုံး ဒဏ်ရာအနာတရကင်းစင်နေပြီး ကြံ့ခိုင်မှုပြည့်ဝနေကာ ဆိုးလ်ရှားအတွက်တော့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။Credit – ShweSoccer

Unicode



