Sports

ရီးရဲ၊ ဘာစီနှင့် ဂျူဗီတို့ ချန်ပီယံလိဂ်မှ နှစ်နှစ်ကြာပွဲပယ်ခံရနိုင်

ရီးရဲမက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်အသင်းတို့အနေဖြင့် ဥရောပစူပါလိဂ်တွင် ဆက်လက်ပါဝင်နေခြင်းကြောင့် အရေးယူရန် အစီအစဉ်များ စတင်နေပြီဖြစ်ကြောင်း ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာသည်။ ဥရောပစူပါလိဂ်ကို စတင်ထူထောင်သည့် အသင်း ၁၂ သင်းအနက် ကျန် ၉ သင်းမှာ ထိုအစီအစဉ်ကို စွန့်ခွာပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် ပြန်လည်ပူးပေါင်းကြောင်း လည်း အတည်ပြု ပြောဆိုခဲ့သည်။ ယူအီးအက်ဖ်အေက စည်းကမ်းထိန်းသိမ်းရေး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် စူပါလိဂ်နှင့်
ပတ်သက်၍ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်အသင်းတို့သည် ယူအီးအက်ဖ်အေ၏ ဥပဒေဘောင်ကို ချိုးဖောက်သည်ဟု ယူဆသောကြောင့် အရေးယူရန် လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဥရောပဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများကို ပြီးခဲ့သည့် နှစ်ပတ်ကတည်းက စတင်နေခြင်းဖြစ်သည်။

အခြားကလပ်အသင်း ၉ သင်းဖြစ်သော မန်ယူ၊ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီး၊ အာဆင်နယ်၊ စပါးစ်၊ အေစီမီလန်၊ အင်တာမီလန်နှင့် အက်သလက်တီကိုမက်ဒရစ်တို့သည် ရှိရင်းစွဲ ပြည်တွင်းနှင့် ပြည်ပပွဲစဉ်များတွင် ဥရောပဘောလုံးအဖွဲ့ချုပ်၏ အသိအမှတ်ပြုမှုဖြင့် ပါဝင်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့သည်။ စူပါလိဂ်ကဲ့သို့ အစီအစဉ်ကို ထပ်မံစီစဉ်ပါက ၎င်းတို့အနေဖြင့် မြင့်မားသော ငွေဒဏ်နှင့် ပွဲပယ်ပြစ်ဒဏ်ကို လက်ခံမည်ဖြစ်ကြောင်းလည်း သဘောတူခဲ့ကြသည်။

ww

ထို့အပြင် အဆိုပါ ၉ သင်း စုပေါင်း၍ ဒဏ်ကြေး ယူရို ၁၅ သန်း ပေးဆောင်ရမည်ဖြစ်ပြီး ထိုငွေကြေးကို ဥရောပအခြေခံဘောလုံးလောက တိုးတက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ အသင်း ၉ သင်းသည် ယူအီးအက်ဖ်အေမှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများမှ ရရှိသော ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကိုလည်း တစ်နှစ်အတွက် ပြန်လည်လှူဒါန်းရမည်ဖြစ်သည်။ အဆိုပါငွေကြေးကို ယူအီးအက်ဖ်အေက သင့်လျော်သလို ပြန်လည်ခွဲဝေပေးမည်ဖြစ်သည်။

သို့ရာတွင် ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်နှင့် ဂျူဗင်တပ်တို့သည် အခြား ၉ သင်းကဲ့သို့ သဘောတူညီမှုမရဘဲ ဥရောပစူပါလိဂ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် စူပါလိဂ် တရားဝင်ဖြစ်ရေးအတွက် ခိုင်ခို်ငမာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ယူအီးအက်ဖ်အေက ၎င်းတို့ကို အရေးယူရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါကလပ်အသင်း ၃ သင်းသည် ယူအီးအက်ဖ်အေမှ ကျင်းပသော ပြိုင်ပွဲများကို ပါဝင်ခွင့် နှစ်နှစ်ခန့် အပိတ်ခံရဖွယ်ရှိသည်။ ထို့ကြောင့် ထိုအသင်းကြီး ၃ သင်းသည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့မှ နှစ်နှစ်ကြာ ပွဲပယ်ခံရနိုင်ကြောင်း သတင်းများက‌ဖော်ပြနေသည်။

Credit – inarr journal