International News

NUG ကို ကူညီဖို့ ဆွေးနွေးနေကြောင်း အမေရိကန် လွှတ်တော်အမတ် ပြောကြား

“မြန်မာ့အရေး နဲ့ ပက်သက်ပြီး အတိုက်အခံအင်အားစုတွေကို ဘယ်လို အကောင်းဆုံး ထောက်ပံ့ကူညီနိုင်မလဲ ဆိုတာကို ဂျိုးဘိုင်ဒင် အစိုးရနဲ့အနီးကပ် တိုင်ပင်ဆွေးနွေးနေတယ်လို့ အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်ကမနေ့က ပြောလိုက်ပါတယ်။ ဝါရှင်တန်ဒီစီ အခြေစိုက်Heritage Foundation က မနေ့က ပြုလုပ်တဲ့မြန်မာ့အရေး ဆွေးနွေးပွဲမှာ NUG အစိုးရ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်ဇင်မာအောင် နဲ့ ဦးထင်လင်းအောင် တို့ တက်ရောက်ပြီး၊ အမေရိကန် နိုင်ငံအနေနဲ့ စစ်အစိုးရကိုဘယ်လို နည်းလမ်းတွေနဲ့ အရေးယူနိုင်မလဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။

မေလ ၂၆ရက်က ဝါရှင်တန်ဒီစီ အခြေစိုက် Heritage Foundation က ပြုလုပ်တဲ့ မြန်မာ့အရေး နိုင်ငံရေးဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံလွှတ်တော်မှာအရှိန်အဝါ အကြီးဆုံး အမတ်တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရတဲ့အထက်လွှတ်တော်အမတ် မစ္စတာ မစ်ချ် မက်ကောနယ်က တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာနိုင်ငံတကာရဲ့ အာရုံစိုက်မှု အောက်ကို ပြန်ရောက်လာခဲ့ပြီးမြန်မာနိုင်ငံက အကြပ်အတည်းဟာ မြန်မာပြည်သူတွေတင်မကပဲ အမေရိကန်နိုင်ငံမှာပါ စိတ်ဝမ်းကွဲနေသူတွေကိုစုစည်းညီညွတ်မှုရသွားစေတယ်လို့မစ္စတာ မစ်ချ် မက်ကော်နယ်က ပြောပါတယ်။

“စစ်တပ်က ကျူးလွန်တဲ့ မတရားမှုတွေကြောင့်မြန်မာနိုင်ငံက လူကြီးနဲ့ လူငယ်မျိုးဆက်တွေအားလုံး လမ်းမပေါ်ထွက်လာပြီး ဆန္ဒပြနေကြသလိုပဲ၊ မြန်မာတိုင်းရင်းသား လူနည်းစုတွေနဲ့ လူများစုဗမာတွေကြားမှာလည်းတစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြပါတယ်။ ကျွန်တော်တို့ အမေရိကန် နိုင်ငံမှာဆိုရင်လဲ မြန်မာနိုင်ငံအရေးဟာသဘောထား ကွဲပြားနေတဲ့ နိုင်ငံရေး ပါတီနှစ်ခုကို ညီညွတ်မှု ရသွားစေတဲ့အတွက် တစ်စုတစ်စည်းတည်းသောတုန့်ပြန်မှုတစ်ခုဖြစ်လာပါတယ်။

အခု ကျွန်တော်ဟာ မြန်မာနိုင်ငံအရေး နဲ့ ပက်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အနီးကပ် ထိတွေ့ဆက်ဆံပြီးအတိုက်အခံ အင်အားစုတွေကို အကောင်းဆုံးဘယ်လို ကူညီထောက်ပံ့နိုင်မလဲ ဆိုတာကို ဆွေးနွေးနေပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ပစ်ဖို့ချမှတ်ထားတဲ့ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ နဲ့ပြည်ပ ပို့ကုန် တင်ပို့ခွင့် လိုင်စင် တားမြစ်ချက်တွေကိုဆက်ထားမှာ ဖြစ်ပါတယ်။ အခုလိုဂျိုးဘိုင်ဒင် အစိုးရရဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့်အားတက်မိပါတယ်။”

ရီပတ်ဗလစ်ကန် ပါတီ အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာမစ်ချ် မက်ကောနယ်ဟာ ဒီမိုကရက်ပါတီကနေရွေးကောက်တင်မြောက်ခံထားရတဲ့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အစဉ်တစ်စိုက်ဝေဖန်ပြောကြားခဲ့သူဖြစ်ပြီး၊ မနေ့က မြန်မာနိုင်ငံအရေးနဲ့ ပက်သက်လို့ ဂျိုးဘိုင်ဒင် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ချီးကျူးကြောင်းပြောလိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အမေရိကန်သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အစဉ်အလာအရ အမေရိကန် နိုင်ငံခြားရေးကျွမ်းကျင်သူ တော်တော်များများဟာ မြန်မာနိုင်ငံအရေးကို သိပ်ပြီးအာရုံစိုက်လေ့မရှိပေမယ့်၊ သူကိုယ်တိုင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးကြိုးပမ်းအားထုတ်မှုတွေကို ဆယ်စုနှစ်နဲ့ ချီပြီးအာရုံစိုက် လေ့လာခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း သူမနဲ့ ပုံမှန် စာရေးဆက်သွယ်ခဲ့ရာမှာ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာအောင် ကူညီဖို့အစဉ်တစိုက် ပြောကြားခဲ့ကြောင်း မစ္စတာ မစ်ချ်မက်ကောနယ်က ပြောပါတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်အစိုးရကို ကမ္ဘာတစ်ဝှမ်းက အာဏာရှင် နိုင်ငံတွေနဲ့ တန်းတူထားပြီး၊အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူ မှုတွေ ချမှတ်ထားပေမယ့်၊ မြန်မာ ပြည်သူတွေကတော့ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့သူက ပြောပါတယ်။

“လက်ရှိအချိန်မှာ နိုင်ငံတကာက အာဏာသိမ်း စစ်အစိုးရကို တစ်ညီတစ်ညွတ်တည်း ပြစ်တင်ရှုံ့ချကြဖို့နဲ့ ပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ NUG အစိုးရကို တရားဝင် အသိအမှတ်ပြုတာ ခံရဖို့စောင့်ဆိုင်းနေရပါတယ်။တစ်ချိန်တည်းမှာ ကုလသမဂ လုံခြုံရေးကောင်စီမှာ သဘောတူညီချက်ရပြီး၊ စစ်အစိုးရအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ နဲ့လက်နက် ရောင်းချမှု ပိတ်ပင်တာတွေ လုပ်နိုင်ဖို့လည်း စောင့်ဆိုင်းနေရပါတယ်။

တစ်ချိန်တည်းမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တစ်လျှောက်မှာ တစ်စထက်တစ်စ တိုးပွားလာတဲ့ နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်လိုအပ်နေတဲ့ အကူအညီတွေ ရဖို့လည်း စောင့်ဆိုင်းနေရပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မော်စကိုနဲ့ ဘေဂျင်း အစိုးရတွေရဲ့ လုပ်ရပ်တွေဟာနိုင်ငံတကာ စံနှုန်းတွေနဲ့ ဆန့်ကျင်နေရုံမကပဲသူတို့တွေရဲ့ ပင်ကို စရိုက်လို့ ပြောရမယ့် အနေအထားရောက်နေပါတယ်။ ဒါကြောင့်မို့ ကုလသမဂလုံခြုံရေးကောင်စီမှာ ဘုံသဘောတူညီချက် တရပ်ရအောင် မလုပ်နိုင်ရင် အမေရိကန်နဲ့ ဒီမိုကရေစီ နိုင်ငံတွေ အားလုံးပူးပေါင်းပြီး၊ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီပြန်ရအောင် ကြိုးပမ်းမှုတွေကို တရုတ်နဲ့ ရုရှားက မဖြစ်မနေ ပါဝင်လာအောင် တွန်းအားပေးသင့်ပါတယ်။ ”

ဒါ့အပြင် NUG အစိုးရ အနေနဲ့လည်း ကြီးလေးတဲ့တာဝန်တွေ ဆက်လက် လုပ်ဆောင်ရမယ့်အခြေအနေ ရှိနေတာကိုလည်း မစ္စတာ မကော်နယ်ကပြောသွားပါတယ်။

“အခုအချိန်မှာ NUG အစိုးရအနေနဲ့ ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ရဖို့ ရှိနေပါတယ်။ NUG အစိုးရအနေနဲ့ပျံ့နှံ့နေတဲ့ အာဏာသိမ်း ဆန့်ကျင်ရေးအင်အားစုတွေကို စုစည်းပြီး၊ မြန်မာ ပြည်သူအားလုံးအတွက် ဒီမိုကရေစီအရေး အင်အားစုအဖြစ် အသွင်ပြောင်းလဲဖဖို့ လိုပါတယ်။ ပြောင်းလဲဖို့ အချိန်တန်တာကြာလှပြီ ဖြစ်တဲ့မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အြခေခံဥပဒေ၊ စီးပွားရေး နဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ အာလုံးကို ပြင်ဆင်ပြောင်းလဲဖို့ လည်း ရှိနေပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဟာမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အနာဂတ်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သက်သေပြနိုင်ဖို့လည်းလိုအပ်ပါတယ်။ ”

အဲဒီနောက် Heritage Foundation က အာရှရေးရာလေ့လာရေး ဌာန ညွှန်ကြားရေးမှုး ဝေါ်လတာ လိုမန်က ဦးဆောင်ပြီး၊ NUG အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင် နဲ့ အထူးကိုယ်စားလှယ် ဦးထင်လင်းအောင်တို့က စစ်အစိုးရကို ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာကိုဆွေးနွေးသုံးသပ်ခဲ့ပါတယ်။

NUG အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်အစိုးရကို တွန်းအားပေးနေပေမယ့်မြန်မာနိုင်ငံရဲ့ စီးပွားရေး ပုံမှန်ပြန်လည်လည်ပတ် နိုင်ဖို့ကို အားပေးကြောင်း နဲ့စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်မယ့် လုပ်ငန်းတွေကို သာ ပစ်မှတ်ထားပြီးအရေးယူဖို့ တောင်းဆိုနေတာဖြစ်တဲ့အကြောင်း၊

အထူးသဖြင့် စင်္ကာပူ နိုင်ငံကို တစ်ဆင့်ခံပြီးလုပ်ကိုင်နေတဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့လိုတဲ့အကြောင်းနဲ့ မြန်မာ စစ်တပ်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာ မလုပ်နိုင်သေးခင်မှာ လက်နက်ရောင်းချမှုအတွက်ငွေကြေး လွှဲပြောင်းမှုတွေကို ပစ်မှတ်ထား ပိတ်ဆို့ဖို့လိုတဲ့အကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။