Sports

ယူရိုပါလိဂ်အရှုံးကနေ မန်ယူ ဘာကောင်းကျိုးရလဲ ရှင်းပြလိုက်တဲ့ ဆိုးရှား

ဆိုးရှားက မန်ယူအနေဖြင့် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ဗီလာရီးရဲကို ရှုံးနိမ့်ပြီးနောက် ရေရှည်အတွက် အသင်းတွင် အကျိုးရှိကြောင်း ပြောဆိုလိုက်သည်။ အချိန်ပိုအပြီးတွင် တစ်ဂိုးစီသရေကျနေသောကြောင့် ပင်နယ်တီအပြိုင်ကန်သွင်းရာ ဒီဂီယာ၏ ပင်နယ်တီကို ဗီလာရီးရဲဂိုးသမား ဖမ်းမိသောကြောင့် ယူရိုပါလိဂ်ဖလားကို မန်ယူလက်လွှတ်ခဲ့ရသည်။

ထို့ကြောင့် မန်ယူသည် လေးနှစ်ကြာ ဆုဖလားလက်မဲ့ကာလ အဆုံးသတ်နိုင်ခြင်းမရှိသေးသလို ဆိုးရှားကလည်း မန်ယူမန်နေဂျာဘဝဖြင့် ဆုဖလားမရရှိသေးချေ။ ဆိုးရှားသည် သူ၏အသင်းအနေဖြင့် ယခုပြိုင်ပွဲမှအရှုံးကို လာမည့်ဗိုလ်လုပွဲတွင် အနိုင်ရရှိရေးတွန်းအားအဖြစ် ပြောင်းလဲနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

“ပွဲအပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ တိတ်ဆိတ်ပြီး စိတ်ပျက်စရာကောင်းနေပါတယ်။ ဘောလုံးရဲ့သဘာဝအရ တစ်ခါတလေမှာ ကန်ချက်တစ်ခုက တစ်ပွဲလုံးကို အဆုံးအဖြတ် ပေးသွားတတ်ပါတယ်။ ဒီကန်ချက်ကပဲ ဘယ်သူနိုင်တယ်၊ ရှုံးတယ်ဆိုတာကို ဆုံးဖြတ်သွားတာမျိုးပေါ့။ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူရပါမယ်။ အရှံးကို အရသာခံကြည့်ပြီး နောက်တစ်ခါ ဒါမျိုးမဖြစ်အောင် ကြိုးစားဖို့လိုပါတယ်”ဟု ဆိုးရှားက ပြောဆိုသည်။

ဆိုးရှားက မန်ယူအသင်းသည် ခြေစွမ်းမကောင်းခဲ့ဟု ဝန်ခံပြောဆိုလိုက်သော်လည်း ဗီလာရီးရဲက ဂိုးသွင်းခွင့်တစ်ကြိမ်ရပြီး တစ်ဂိုးရသွားခြင်းနှင့်ပတ်သက်၍ အသင်းကံမကောင်းကြောင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ခြေစွမ်းရှိသလောက် မကစားနိုင်ခဲ့ဘူး။ သူတို့ ဂိုးသွင်းခွင့်တစ်ကြိမ်ရပြီး ဂိုးရသွားတာတော့ စိတ်ပျက်စရာပါ။ ဒီနောက်မှာ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့ပြီး ချေပဂိုး ရခဲ့ပါတယ်။ အနို်ငဂိုးရတဲ့ထိတော့ ပွဲကိုမထိန်းချုပ်နိုင်ခဲ့ဘူး”

“ကျွန်တော်တို့ ကစားရခက်အောင် ဗီလာရီးရဲ လုပ်သွားနိုင်တယ်။ အသင်းသားတွေကြိုက်တဲ့ နေရာလွတ်တွေမရ‌အောင် သူတို့ပိတ်ဆို့သွားတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ လုံလောက်အောင် မဖန်တီးနိုင်ခဲ့သလို သူတို့ခံစစ်ကစားသွားတာကလည်း ကောင်းပါတယ်လေ။ အခုအချိန်မှာ ဘယ်လိုလုပ်ရင် ဖလားရနိုင်တယ်လို့ ပြောရတော့မယ့်အချိန် မဟုတ်ဘူး။ ဒါပေမယ့် ဆုဖလားတွေ မရဘူး ဆိုကတည်းက အားနည်းချက်ရှိလို့ပေါ့။ မန်ယူဟာ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတာတော့ အမှန်ပါပဲ”

“ကျွန်တော်တို့ ဆုဖလားရဖို့ ကန်ချက်တစ်ချက်ပဲ လိုခဲ့တာပါ။ လာမယ့်နှစ်မှာ ပိုကောင်း‌အောင် ကစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ထားဖို့လိုပါတယ်။ ဒါကလည်း ပြင်းပြင်းထန်ထန် အလုပ်လုပ်မှ ရမှာပါ”ဟု ဆိုးရှားက ပြောဆိုခဲ့သည်။

မန်ယူအနေဖြင့် ကောင်းမွန်သော ရာသီတစ်ခု ရရှိခဲ့ပါသလားဟု မေးမြန်းရာ “မရပါဘူး”ဟု ဆိုးရှားက ဖြေကြားခဲ့သည်။

“ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဒီထက်ပိုကောင်းဖို့ လိုတယ်။ ဒီနှစ် ရာသီက သိပ်ခက်ခဲတယ်။ ရာသီကြိုပြင်ဆင်မှု လုံးဝမရှိခဲ့ဘူး။ ပထမဆုံး ၆ ပွဲမှာ ၃ ပွဲရှုံးတယ်။ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်တာထက်ပိုပြီး အမှတ်ပေးပွဲမှာ အခြေအနေကောင်းတယ်လို့ ပြောရမှာပါ။ ပြီးတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်ခဲ့တယ်။ ဒါပေမယ့် ဗိုလ်လုပွဲမှာ အနိုင်ရမှသာ အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုလို့ ပြောနိုင်မှာပါ”ဟု ဆိုးရှားက‌ ပြောဆိုခဲ့သည်။

Credit – inarr journal