Sports

ဒီဂီယာကို ဗိုလ်လုပွဲတွင် အသုံးပြုခဲ့ခြင်းအတွက် ဆိုးရှားအား ဟန်ဒါဆန် မကျေနပ်၊ အသင်းပြောင်းရန် ကြိုးစားလာနိုင်

မန်ယူအသင်းသည် ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဗီလာရီးရဲနှင့် ကစားသည့်ပွဲတွင် အသင်း၏ ဂိုးသမားနေရာ၌ ဟန်ဒါဆန်ကိုမသုံးဘဲ ဒီဂီယာကို ပွဲအစမှအဆုံး အသုံးပြုခဲ့သည်။ မန်ချက်စတာညနေခင်းသတင်းစာက အင်္ဂလန်လက်ရွေးစင်အသင်း ဂိုးသမား ဟန်ဒါဆန်သည် အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုသည်။ ဟန်ဒါဆန်သည် ရာသီကုန်ခါနီးတွင် အသင်း၏ နံပါတ်တစ် ဂိုးသမားနေရာကို ရရှိခဲ့သည်။ သို့ရာတွင် လီဗာပူးကို ၄-၂ ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲနောက်ပိုင်း ဒီဂီယာကို ပထမဦးစားပေးဂိုးသမားအဖြစ် ပြန်အသုံးပြုခြင်းကြောင့် ဟန်ဒါဆန် အံ့ဩခဲ့ရသည်။ ဟန်ဒါဆန်သည် ယမန်နေ့ညကပွဲတွင် ပြိုင်ဘက်အသင်းမှ ကန်သွင်းသော ပင်နယ်တီ ၁၁ ဂိုးစလုံး ဒီဂီယာ ဖမ်းမိခြင်းမရှိသည်ကို အရန်ခုံတန်းလျားပေါ်မှနေ၍ ထိုင်ကြည့်ခဲ့ရသည်။

ww

မန်ယူအသင်းအတွက် ဒီဂီယာကန်သွင်းသော ပင်နယ်တီမှာလည်း ဗီလာရီးရဲဂိုးသမား ဖမ်းမိသွားခြင်းကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ဗီလာရီးရဲက အနိုင်ရရှိခဲ့သည်။ ဘောလုံးရေးရာဝေဖန်သူ ခရစ္စဆက်တန်က ဟန်ဒါဆန်သည် ပင်နယ်တီဖမ်းရာတွင် ဒီဂီယာထက် ပိုကောင်းကြောင်း၊ ထို့ကြောင့် ပင်နယ်တီကန်သွင်းရမည့် အခြေအနေတွင် ဟန်ဒါဆန်ကို လူစားလဲ၍ ဖမ်းခိုင်းသင့်ကြောင်း၊ ထိုသို့ပြုလုပ်လျှင် ဒီဂီယာအနေဖြင့် စိတ်ပျက်သွားနိုင်သော်လည်း အသင်းအတွက် အောင်မြင်မှု ရယူပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီဂီယာကို ပင်နယ်တီဖမ်းခိုင်းခြင်းမှာ ဆိုးရှား၏အမှားသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဟန်ဒါဆန်သည် ယခုအခါ ဆိုးရှားကို မကျေမနပ်ဖြစ်နေပြီး မန်ယူအသင်းမှ ပြောင်းရွှေ့ရန် စဉ်းစားလာဖွယ်ရှိသည်။ ဟန်ဒါဆန်ကို ခေါ်ယူရန် စပါးစ်နှင့် ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေသည်။ ဒီဂီယာအနေဖြင့် ပြိုင်ပွဲအတွင်းတွင် မန်ယူအတွက် နောက်ဆုံးကာကွယ်နိုင်ခဲ့သော ပင်နယ်တီမှာ ၂၀၁၆ ခုနှစ်က ဖြစ်သည်။ ဟန်ဒါဆန်သည် ၂၀၁၆ နောက်ပိုင်းတွင် ပြိုင်ပွဲများအတွင်း၌ ပင်နယ်တီ ၆ လုံး ကာကွယ်နိုင်ခဲ့သည်။

Credit – inarr journal