Sports

လက်ကော ခြေကောသုံးခဲ့ပြီး ဗီလာရီးရဲလ်ရဲ့သူရဲကောင်းဖြစ်ခဲ့တဲ့ ဂိုးသမားရူလီရဲ့ ထူးခြားတဲ့ ကစားသမားဘဝအကြောင်း

ပြီးခဲ့တဲ့ညက ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ ကိုယ်ပိုင်ပင်နယ်တီကို အပိုင်ကန်သွင်းခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ၁၁ ကြိမ်မြောက် ပင်နယ်တီဖြစ်တဲ့ ဒဟဲယားရဲ့ကန်သွင်းချက်ကိုပါ ကာကွယ်နိုင်ခဲ့လို့ အသင်းကို ယူရိုပါလိဂ်ဗိုလ်ဖြစ်စေခဲ့တဲ့ ဗီလာရီးရဲလ်ဂိုးသမား ဟယ်ရိုနီမို ရူလီဟာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။

သူ့ကို မန်စီးတီးအသင်းက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ ဥရုဂွေးကလပ် ဒီပို့တီပို့ မယ်လ်ဒိုနာဒို အသင်းကနေ ပေါင် ၄ သန်းနဲ့ ခေါ်ယူခဲ့ဖူးတာ ဖြစ်ပါတယ်။ အလုပ်လုပ်ခွင့်ပါမစ်မရလို့ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်အသင်းထံ အငှားချခံထားရာကနေ အပြီးရောင်းချခံခဲ့ရတယ်။

၂၀၂၀ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ဗီလာရီးရဲလ်အသင်းက သူ့ကို ဆိုစီဒက်ကနေ ယူရို ၅ သန်းနဲ့ ဝယ်ယူသွားခဲ့ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့နောက်မှာတော့ ရူလီအနေနဲ့ ဒီနှစ်လာလီဂါမှာ ၂ ပွဲသာ ကစားခွင့်ရခဲ့သလို အရန်ခုံမှာ အချိန်ဖြုန်းနေခဲ့ရတယ်။

ဒါပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ နည်းပြအမ်မရီရဲ့ ယုံယုံကြည်ကြည်နဲ့ ပွဲထုတ်ခြင်းကို ခံခဲ့ရပြီး ၁၃ ပွဲအထိ ကစားခွင့်ရခဲ့ရာမှာ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ပွဲဟာ အမြင့်ဆုံးတန်ပိုနဲ့ ပွဲတွေဖြစ်ခဲ့ပြီး ၆ ပွဲ Clean Sheet ရယူခဲ့သလို ပေးဂိုး ၉ ဂိုးသာ ရှိထားခဲ့တာပါ။

အသက် ၂၈ အရွယ် အာဂျင်တိုင်းဂိုးသမားဟာ ဒန်နီ ပါရဲဟို၊ ကူဘို၊ ကိုကွီလင်တို့နဲ့အတူ ပြီးခဲ့တဲ့နွေရာသီမှာ ဗီလားရီးရဲလ်အသင်းရဲ့ တည်ဆောက်မှုမှာ ပူးပေါင်းလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ညက ပိုလန်မြေက အောင်ပွဲဟာ သူ့အတွက် အချိုမြိန်ဆုံးဖြစ်ခဲ့ပြီး အသင်းသမိုင်းမှာ ပထမဆုံး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးပေးသွားခဲ့တယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ ဗီလာရီးရဲလ်ဘက်က ၁၁ ကြိမ်၊ ယူနိုက်တက်ဘက်က ၁၀ ကြိမ်အထိ ၂၁ ကြိမ်ဆက်တိုက် ပင်နယ်တီဂိုးတွေ ဝင်နေချိန်မှာ စိတ်ဝင်စားစရာကောင်းခဲ့တာက ရူလီဟာ ဒဟဲယားရဲ့ ပင်နယ်တီ ဘယ်လိုကာကွယ်သွားခဲ့သလဲ ဆိုရာမှာ ယူနိုက်တက်ဂိုးသမားကို ဒီညရဲ့ ဗီလိန်အဖြစ် အဆုံးသတ်သွားစေခဲ့တယ်။

” ကျွန်တော်အများကြီး မစဉ်းစားခဲ့ပါဘူး။ စဉ်းစားရင် ပိုမှားသွားနိုင်လို့ပါ။ ရှိသမျှအားနဲ့ ကျုံးပြီး ဒဟဲယားရဲ့ဂိုးပေါက်ကို ကန်သွင်းခဲ့ပါတယ်။ ကျွန်တော်က အသင်းရဲ့နောက်ဆုံးပင်နယ်တီကို ကန်သွင်းတယ်။ ဝင်သွားတယ်။ ပြီးတော့ ဒဟဲယားအလှည့်ရောက်လာတယ်”

” ကိုယ့်ပင်နယ်တီကို သွင်းပြီး ပြိုင်ဘက်ရဲ့ ပင်နယ်တီနောက်တလုံးကိုပါ ဆက်တိုက်ကာကွယ်နိုင်ခဲ့လိမ့်မယ်ဆိုတာ သိပ်ကောင်းတဲ့အိပ်မက်ထဲမှာတောင် ယောင်လို့မတွေးမိဖူးပါဘူး။ ဒီဖလားက ကျွန်တော်တို့နဲ့ တကယ့်ကို ထိုက်တန်သွားပါပြီ” လို့ ရူလီက ပွဲအပြီးမှာ ရင်ဖွင့်သွားခဲ့တာကို ကြားရမှာဖြစ်ပြီး ဗီလာရီးရဲလ်အသင်းကတော့ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်လက်မှတ်ကိုပါ ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ဥရောပစူပါဖလားကိုပါ ကစားရတော့မှာဖြစ်ကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.