Sports

2021 ရွှေဘောလုံးဆုအတွက် ရေပန်းအစားဆုံး ကစားသမား ၁၅ ဦး

၂၀၂၀ – ၂၁ ဘောလုံး ရာသီတွေ ကတော့ ပြီးဆုံးဖို့ တစ်ပွဲသာ ကျန်ပါတော့တယ် ။ လာမယ့် တနင်္ဂနွေနေ့မှာ မန်စီးတီး နဲ့ ချဲလ်ဆီး တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပြီး အဲ့ဒါပြီးရင်တော့ ဥရောပ ဘောလုံး ရာသီ တစ်ခု ပြည်ဖုံးကား ချပြီလို့ ဆိုရတော့မှာပါ ။ ကလပ် အသင်းတွေဟာ ကစား သမားတွေကို အနားပေးရင်း ရှေ့လာမယ့် နှစ်တွေအတွက် စတင် လှုပ်ရှား ကြတော့မှာပါ ။

ဇွန်လ ကနေ ဇူလိုင်လ အထိ ကိုပါ အမေရိကန် နဲ့ ယူရို ပြိုင်ပွဲတွေ ရှိပါတယ် ။ သြဂုတ်လ တတိယ အပတ် မှာ ဘောလုံး ရာသီသစ် ပြန်လည် စတင်မှာပါ ။ ဒါကြောင့် ရွှေဘောလုံး ဆုတို့ ၊ UEFA Player of the Year ဆုတို့ အတွက် ဆုံးဖြတ်ဖို့ စောလွန်း နေပါသေးတယ် ။

ဒါပေမယ့် သမိုင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် ဘောလုံး ရာသီသစ် ရဲ့ အဖွင့် ၄ လ လောက်က ခြေစွမ်းတွေ ကြောင့် အစောပိုင်းက ရေပန်းစား နေတဲ့ ကစားသမားတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူး သွားနိုင်တဲ့ သူရယ်လို့ မရှိသလောက် ပါပဲ ။ ချန်ပီယံလိဂ် ရထားတဲ့သူ ၊ အမှတ်ပေး ဖလား ရထားတဲ့သူ ၊ အဲ့ဒိ ပြိုင်ပွဲတွေမှာ ခြေစွမ်း ပြထားတဲ့ သူတွေကပဲ နှစ်ကုန်မှာ ဆုရှင်တွေ ဖြစ်လာခဲ့ကြတာပါ ။

အရင်တုန်းကတော့ ဇွန်-ဇူလိုင် မှာ နိုင်ငံ ပြိုင်ပွဲကြီးတွေ ရှိခဲ့တယ်ဆိုရင် အဲ့ဒိ ပြိုင်ပွဲတွေမှာ အောင်မြင်တဲ့ အသင်းက ခြေစွမ်း အပြနိုင်ဆုံး ကစားသမားတွေဟာ တစ်နှစ်တာ အကောင်းဆုံး ဆုရှင်တွေ ဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒါတွေက အမြဲတမ်း မမှန်တော့ပြန် ပါဘူး ။

ပြင်သစ် Magazine ကနေ ကမကထ ပြုလုပ် ချီးမြှင့်တဲ့ ရွှေဘောလုံး ( Ballon D’or ) ဆုဟာ ဘောလုံး ကမ္ဘာရဲ့ ဂုဏ်သိက္ခာ အမြင့်ဆုံး ဆု တစ်ခုပါ ။ ဒီဆုကို ရတဲ့သူဟာ အဲ့ဒိနှစ် အတွက် အကောင်းဆုံး ကစားသမားလို့ သတ်မှတ် လိုက်တဲ့ သဘောပါပဲ ။ မနှစ်တုန်းက ကိုဗစ် ကို အကြောင်းပြုပြီး ဆုမပေးခဲ့ ပါဘူး ။

ဒီနှစ် မှာတော့ ဥရောပ တစ်ခွင်မှာ ကိုဗစ် အန္တရာယ် လျော့ပါးလာခဲ့တာကြောင့် ဆုပေးပွဲ ကို ပြန်လည် ကျင်းပ သွားဖို့ ရှိနေပါတယ် ။ မနှစ်တုန်းက ဆုရဖို့ သေချာသလောက် ရှိခဲ့ပေမယ့် ဆုပေးပွဲ မလုပ်တာကြောင့် မရလိုက်တဲ့ ဘိုင်ယန် တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ကတော့ ဒီနှစ်ဆုကို မျှော်မှန်းနေမှာ သေချာပါတယ် ။

 

မက်ဆီ နဲ့ ရိုနယ်ဒို တို့ ဆယ်စုနှစ် တစ်ခုကျော်အောင် ကြီးစိုး ထားတဲ့ ရွှေဘောလုံးဆုဟာ သူတို့ ၂ ယောက်ရဲ့ အကျဘက်ပိုင်း ရောက်လာမှုတွေကြောင့် လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက်စပြီး အကျိတ်အနယ် ပြန်ဖြစ် လာခဲ့ ပါတယ် ။ ဒီနှစ် မှာလည်း သူတို့ ၂ ယောက်စလုံးဟာ သက်ဆိုင်ရာ လိဂ်တွေရဲ့ ရွှေဖိနပ်ဆုရှင်တွေ ၊ ရှုံးထွက် ဖလား ပိုင်ရှင်တွေဖြစ်ခဲ့ကြပေမယ့် ရွှေဘောလုံး အတွက်တော့ လုံလောက်မှု မရှိခဲ့ပါဘူး ။

ဒါကြောင့် မက်ဆီ – ရိုနယ်ဒို ခေတ်လွန် ရွှေဘောလုံး ပြိုင်ပွဲ ဟာ အရင်ကထက် ပိုပြီး စိတ်လှုပ်ရှား စရာ ကောင်းလာခဲ့ ပါတယ် ။ ချန်ပီယံလိဂ် ဖိုင်နယ် ကစားဖို့ ကျန်နေသေး ပေမယ့် မန်စီးတီး မှာရော ချဲလ်ဆီးမှာပါ ချွန်ထွက်နေတဲ့ ကစားသမားမျိုး မရှိတဲ့ အတွက် ဖိုင်နယ် ရလဒ်ဟာ ရွှေဘောလုံး ဆု အတွက် သိပ်ပြီး အထောက်အကူ ဖြစ်နိုင်မယ် မထင်ဘူးလို့ သုံးသပ် ထားကြပါတယ် ။

ရွှေဘောလုံး ဆု အတွက် လတ်တလောမှာ ရေပန်းစားနေတဲ့ သူတွေ ကတော့ –

၁၅ ။ စတာလင် ( မန်စီးတီး ) ၊ ဂနာဘရီ ( ဘိုင်ယန် ) ၊ မေဆွန်မောင့် (ချဲလ်ဆီး )

၁၂ ။ ရူဘင် ဒီယာ့စ် ( မန်စီးတီး ) ၊ နေမာ ( PSG ) ၊ ဖီးလ် ဖိုဒန် ( မန်စီးတီး )

၈ ။ ဟယ်ရီကိန်း ( စပါး ) ၊ လူကာကူ ( အင်တာ မီလန် ) ၊ ကန်တီ ( ချဲလ်ဆီး ) ၊ မာရက်ဇ် ( မန်စီးတီး )

၇ ။ အာလင်း ဟာလန်း ( ဒေါ့မွန် )

၆ ။ ဘရူနို ဖာနန်ဒက်စ် ( မန်ယူနိုက်တက် )

၅ ။ ရိုနယ်ဒို ( ယူဗင်တပ် )

၄ ။ မက်ဆီ ( ဘာစီလိုနာ )

၃ ။ ကီဗင် ဒီဘရိုင်းနား ( မန်စီးတီး )

၂ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ဘိုင်ယန် )

၁ ။ ကိုင်လီယမ် အမ်ဘာပေ ( PSG ) တို့ပဲ ဖြစ်ကြပါတယ် ။

ဒီစာရင်းထဲမှာ ပါနေတဲ့ ချဲလ်ဆီး နဲ့ မန်စီးတီး ကစားသမားတွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရလဒ် အပေါ် မူတည်ပြီး အဆင့်တက်လာတာတွေ ရှိနိုင်ပါတယ် ။ မက်ဆီ နဲ့ ရိုနယ်ဒို တို့ ကတော့ ဇွန်လ ထဲ မှာ ကစားမယ့် ဒေသတွင်း ပြိုင်ပွဲတွေမှာ ဗိုလ်စွဲပြီး သူတို့လည်း ခြေစွမ်းပြ နိုင်မယ်ဆိုရင်တော့ အရင်တုန်းက အရှိန်အဝါတွေ နဲ့ ပေါင်းစပ်ပြီး ဆုရှင် ဖြစ်လာဖို့ အတွက် မျှော်လင့် နိုင်မှာပါ ။

အဲ့ဒိလိုမှ မဟုတ်ရင်တော့ လက်ရှိ ရေပန်းအစားဆုံး ၃ ယောက်ထဲကပဲ ၂၀၂၁ အတွက် ရွှေဘောလုံး ဆုကို ရသွားဖို့ ရှိပါတယ် ။ လီဝန်ဒေါ့စကီး ဟာ ပိုလန် သား ဖြစ်တာကြောင့် ယူရိုပြိုင်ပွဲမှာ ပြင်သစ်သား ဘာပေ ၊ ဘယ်လ်ဂျီယံသား ဒီဘရိုင်းနား တို့လောက် အမှတ်တွေ ယူနိုင်ဖို့ မရှိပါဘူး ။ သူ့မှာ အားကိုးစရာဆိုလို့ ဥရောပ ရွှေဖိနပ်ဆုပဲ ရှိမှာပါ ။

ဒါကြောင့် ဒီနှစ် ရွှေဘောလုံး ဆုအတွက် ဒီဘရိုင်းနား နဲ့ အမ်ဘာပေ တို့ အဓိက ယှဉ်ပြိုင်ရမယ်လို့ သုံးသပ် ရမှာပါ ။ လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ နဲ့ ဇွန်-ဇူလိုင်မှာ ကစားမယ့် ယူရို ပြိုင်ပွဲတွေက သူတို့ထဲက Winner ကို ရွေးချယ်ပေးမယ့် အဓိက အဆုံးအဖြတ်တွေ ဖြစ်လာနိုင်ပါတယ် ။

ဘယ်သူပဲ ရရ ဆုရှင်သစ် ဖြစ်လာမှာကတော့ အသေအချာပါပဲ . . .

SPORTS MYANMAR