Sports

ချန်ပီယံလိဂ် ဖိုင်နယ် အတွက် တသင်းလုံး ဒဏ်ရာ ကင်းစင်နေကြောင်း အတည်ပြုရင်း ၊ ပက်နဲ့ တတိယ အကြိမ် ရင်ဆိုင်ရမယ့် အပေါ် ဝန်ခံမှု တခု ပြုလုပ်သွားတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီ ၊ အဓိက ကစားသမား ၂ဦး ဖြစ်တဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ နဲ့ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ တို့ ကြံ့ခိုင်မှု ပြဿနာ အသီးသီး ရှိနေခဲ့လို့ ၊ ချဲလ်ဆီး ပရိသတ်တွေ စိတ်ပူခဲ့ရပေမယ့် ၊ အခုအခါမှာတော့ ၎င်းတို့ ၂ဦးလုံး ယနေ့ညမှာ ပွဲထွက် ပြန်ပါမယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့က ကန်တေရော ၊ မန်ဒီပါ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပြန်လည် ပူးပေါင်း ပါဝင်ခဲ့သလို ၊ မနေ့က ပေါ်တိုမှာ ပြုလုပ်ခဲ့တဲ့ သွေးပူ လေ့ကျင့်ရေး အစီအစဉ်မှာလည်း ၂ဦးလုံး ပါဝင်ခဲ့ကြပါတယ် ။ ဒီတော့ မန်စီးတီး နဲ့ ပွဲ အတွက် ချဲလ်ဆီး တသင်းလုံးမှာ ဒဏ်ရာ ပြဿနာ ကင်းရှင်းနေပြီလို့ သေချာပေါက် ပြောနိုင်ပါတယ် ။

ချဲလ်ဆီး အသင်း နည်းပြ သောမတ်စ် တူချယ် ကလည်း မနေ့က ပေါ်တိုမှာ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တသင်းလုံး ဒဏ်ရာ ပြဿနာ မရှိတော့ကြောင်း ပြုံးရွှင်စွာ အတည်ပြု ပြောဆိုခဲ့ပြီး ၊ ယနေ့ပွဲ အတွက် တသင်းလုံး စိတ်ဓာတ် အင်အား ပြည့်နေကြကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

တူချယ် က ” ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်လာရင် ဒီတခါတော့ အကောင်းဆုံး သတင်းတွေ ရလာတဲ့ အခိုက်အတန့်ပါပဲ ။ တယောက်မှ ဒဏ်ရာ မရထားသလို ၊ ဒီနေ့ လေ့ကျင့်ရေး အစီအစဉ်တွေ ပြီးဆုံးတဲ့ အချိန် အထိ ဒီအတိုင်းပဲ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” ကျွန်တော် ဟာ မနက်ဖြန်ပွဲ အတွက် အသင်းသား အားလုံး အပေါ် ယုံကြည်မှု အပြည့် ရှိနေတယ်လို့ပဲ ပြောချင်ပါတယ် ။ ဒီလို ဘောလုံး လောကရဲ့ အဆင့် အမြင့်ဆုံး ဖိုင်နယ်ပွဲတွေဟာ စိတ်ဓာတ်ပြင်းပြမှု ၊ အောင်မြင်မှုကို ဘယ်လောက် အထိ လိုချင်တပ်မက်သလဲ ဆိုတဲ့ အပေါ်မှာ အမြဲတမ်း မူတည်ပါတယ် ။ ”

” တဖက်မှာ ကျွန်တော် တို့ဟာ ဒီတပတ် အတွင်း လေ့ကျင့် ပြင်ဆင်မှုတွေမှာ အပြည့်အဝ အာရုံစိုက်နိုင်ခဲ့သလို ၊ မနက်ဖြန် ပွဲအတွက် တသင်းလုံး ကျစ်ကျစ်လျစ်လျစ် အနေအထားမျိုးမှာ ရှိနေပြီလို့လည်း ခံစားရပါတယ် ။ လန်ဒန်မှာ ကျွန်တော်တို့ လေ့ကျင့်မှု ၂ကြိမ် ၊ ဒီမှာ တကြိမ် လုပ်ထားပါတယ် ။ ”

” မနေ့က လေ့ကျင့်မှုက နည်းစနစ်အပိုင်းနဲ့ အနည်းငယ် ပိုပြီး သက်ဆိုင်ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီနေ့ လေ့ကျင့်ရေး အစီအစဉ်က ပရိသတ်တွေကို တိုက်ရိုက် live ပြမယ့်အတွက်ပါ ။ ဒါဟာ နောက်ဆုံး လေ့ကျင့်မှု ဖြစ်ပြီး ၊ အသေးစိတ် ပြင်ဆင်မှုတွေမှာ စေ့စေ့စပ်စပ် ရှိနေစေဖို့ အတွက်နဲ့ ၊ ကစားသမားတွေ အတွက် ပိုပြီး အရေးကြီးတာက ဒီကွင်းက အငွေ့အသက်တွေနဲ့ အနည်းငယ် ရင်းရင်းနှီးနှီး ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်မှာ ဖြစ်ပါတယ် ။ ”

 

” ဒီနေ့ညစာကနေ နောက်နေ့ ပွဲမစတင်ခင် အကြား ၊ ကျွန်တော်တို့ meeting ၂ကြိမ် လုပ်သွားဦးမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒီ တကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ All English Final ပွဲ ဖြစ်လို့ ပရိသတ်တွေ မျှော်လင့်ထားတာထက် ခန့်မှန်းရ ပိုပြီး ခက်ခဲနိုင်တဲ့ ပွဲမျိုး ဖြစ်လာနိုင်တယ် ဆိုရင် မမှားပါဘူး ။

ဒီရာသီ အင်္ဂလန် ပြည်တွင်း ဒီ ၂သင်း ၃ကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ရာမှာ ၊ မန်စီးတီး က စတမ်းဖို့ဒ်ဘရစ်ချ် မှာ ချဲလ်ဆီး ကို ၁ – ၃ နဲ့ အနိုင်ရခဲ့ပြီး ၊ ချဲလ်ဆီး ကတော့ ဝင်ဘလေ နဲ့ အီတီဟတ် တို့မှာ မန်စီးတီးကို ၀ – ၁ ၊ ၁ – ၂ ရလဒ်တွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။

တူချယ် နဲ့ ဂွာဒီယိုလာ အတွက်ကတော့ ယနေ့ည ပွဲမှာ ဒီရာသီ ၃ကြိမ်မြောက် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပြီး ၊ နောက်ဆုံး အပိတ်ပွဲ ဖြစ်တာနဲ့ အညီ ၂ဦးလုံး ဉာဏ်စွမ်း ရှိသလောက် ထုတ်ပြိုင်ကြမှာကို မြင်ရဖို့ ရှိနေပါတယ် ။ တူချယ် ကတော့ သူဟာ ပက်ဂွာဒီယိုလာရဲ့ ဒီပွဲအတွက် နည်းစနစ် ချဉ်းကပ်ပုံကို ကြိုမသိနိုင်တဲ့ အတွက် သူ့ဖက်က နည်းစနစ် အပြောင်းအလဲ လုပ်ဖို့ မသေချာသေးဘူးလို့ ဝန်ခံလာခဲ့ပါတယ် ။

တူချယ် က ” အရိုးသားဆုံး ဝန်ခံရရင် ၊ မနက်ဖြန်ပွဲ အတွက် ပက်ဆီကနေ ဘာကို မျှော်လင့်ထားရမလဲ ဆိုတာ ကျွန်တော် မသိသေးပါဘူး ။ ကျွန်တော်တို့ စောင့်ရဦးမှာပါ ။ ကျွန်တော် ဟာ ပက်ရဲ့ ဦးနှောက်ကို မဖောက်စားနိုင်သလို ၊ သူ ဘယ်လိုတွေ တွေးနေလဲ ဆိုတာကိုလည်း မသိနိုင်ပါဘူး ။ ”

” ဒီနေရာမှာ တခု ကျွန်တော် ကြိုရှင်းထားချင်တာက လေ့ကျင့် ပြင်ဆင်တယ် ဆိုတာ မနက်ဖြန် အတွက် ပြိုင်ဖက်ဆီက နည်းဗျူဟာ ချဉ်းကပ်ပုံတွေ ကြိုသိထားတဲ့ ပုံစံနဲ့ ပြင်ဆင်နေတာမျိုး မဟုတ်ပါဘူး ။ သူတို့ ဘယ်လိုမျိုး ပွဲကို ချဉ်းကပ်မလဲ ဆိုတာ ကျွန်တော် တကယ်ကို မသိရသေးတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR