Sports

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမား ကန်တေ

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်စ်ပီလီကျူတာက အသင်း၏ ကွင်းလယ်ကစားသမား ပြင်သစ်လက်ရွေးစင် ကန်တေသည် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သော ကန်တေသည် မန်စီးတီးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိရေးအတွက် ချဲလ်ဆီး၏ အဓိကနေရာမှ ပါဝင်ခြေစွမ်းပြခဲ့သည်။

လက်စတာနှင့် ချဲလ်ဆီး နှစ်သင်းစလုံးတွင် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့သော ကန်တေသည် ယူရိုပါလိဂ်၊ ကမ္ဘာ့ဖလားစသည့် သူရရှိခဲ့သော ဆုဖလားများစာရင်းတွင် ချန်ပီယံလိဂ်ဆုဖလားကိုပါ ထည့်သွင်းရေတွက်နိုင်ပြီဖြစ်သည်။ ထို့အပြင် ကန်တေသည် ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆု ရရှိခြင်းလည်းဖြစ်သည်။ ချဲလ်ဆီးသည် ယခုအခါ ချန်ပီယံလိဂ် ဆုဖလားကို ၂ ကြိမ်မြောက် ရရှိခြင်းဖြစ်သည်။

“ကန်တေဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်တယ်ဆိုတာ အထင်အရှားကြီးပါ။ သူဟာ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ ဘယ်ပုံစံမဆို လုပ်ပြနိုင်ပါတယ်။ အသင်းရဲ့ ကွင်းလယ်မောင်းနှင်အားလည်း ဖြစ်ပါတယ်။ သူ ဒီနေ့ညအတွက် ဘောလုံးဘယ်နှစ်လုံးလောက် ပြန်ဆယ်ယူနိုင်သလဲဆိုတာ ကျွန်တော် မမှတ်မိတော့ပါဘူး။ အသင်းကို တိုက်စစ်ကစားဖို့ တွန်းအားပေးတဲ့ပုံနဲ့ နေရာလွတ်တွေကို ဖြည့်ကစားသွားတဲ့ ကန်တေဟာ အံ့ဩစရာ ကစားသမားတစ်ယောက်ပါ”

“ကန်တေပါတာဟာ အသင်းအတွက် စပါယ်ရှယ်ကောင်းပါတယ်။ သူမပါနိုင်ဘူးဆိုရင် အသင်းက သိသာပါတယ်။ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်တွေ ရပြီးတာတောင် ကန်တေက အောက်ခြေမလွတ်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ကန်တေဟာ ချဲလ်ဆီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပြီး သူနဲ့တွဲကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်”ဟု အက်စ်ပီလီကျူတာက ပြောဆိုသည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲထွက်ကစားခွင့် မရသော်လည်း နားလည်မှုပေးခဲ့ကြသည့် အသင်းသားများကို အက်စ်ပီလီကျူတာက ချီးကျူးပြောဆိုခဲ့သည်။

“အသင်းရဲ့အဝတ်လဲခန်းထဲမှာ အခြေအနေကောင်းပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ခွင့်မရတာဟာ ဘယ်လိုခံစားရမလဲ ကျွန်တော်သိပါတယ်။ အားလုံးက ကိုယ့်စိတ်ကိုယ်ထိန်းပြီး အသင်းအတွက် ကြိုးစားပေးခဲ့ကြပါတယ်။ ဒါဟာ ဒီနေ့ညအတွက် ကျေနပ်စရာ အကောင်းဆုံး အဖြစ်အပျက်ပဲလို့ ကျွန်တော်ယူဆတယ်။ တိုက်စစ်ကို တာဝန်ယူထားရတဲ့ ဝါနာ၊ မောင့်၊ ဟာဗက်ဇ်နဲ့ လူစားဝင်ကစားခဲ့တဲ့ ပူလီဆစ်တို့ရဲ့ ခြေစွမ်းဟာ အံ့မခန်းပါပဲ။ သူတို့ဟာ အသင်းလိုက်စုစည်းပြီး အကောင်းဆုံး ကစားခဲ့ကြပါတယ်”

“ကျွန်တော်တို့ ဒီအောင်ပွဲကနေပြီး အသင်းကို ဆက်တည်ဆောက်သွားချင်ပါတယ်။ ကျွန်တော်တို့ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလား ယူနိုင်ခဲ့တဲ့ မှတ်တမ်းဝင်သွားပါပြီ”ဟု အက်စ်ပီလီကျူတာက ပြောဆိုခဲ့သည်။

Credit – inarr journal