Sports

မြန်မာအသင်းနဲ့မပူးပေါင်းတဲ့ အောင်ကောင်းမာန် မလေးရှားမှာ တလတာအကောင်းဆုံးဆုရရှိ

မလေးရှား စူပါလိဂ်မှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် အသင်းတိုက်စစ်မှုး အောင်ကောင်းမာန် ဟာ မလေးရှားကလပ် ဆရီပါဟန်း အသင်းက ပေးတဲ့ အသင်းရဲ့တလတာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။အောင်ကောင်းမာန် ဟာ မေလ(၅)ရက်နေ့ကမှ ဆရီပါဟန်း အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ပီရက် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဖွင့်ပွဲစဉ်မှာပဲ ခြေစွမ်းပြကာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ အောင်ကောင်းမာန် ဟာ လက်ရှိအချိန်ထိ မလေးရှားကလပ် ဆရီပါဟန်း အသင်းအတွက် (၁)ပွဲသာ ပါဝင်ကစားထားရပေမယ့် (၁)ဂိုးသွင်းယူခဲ့တာကြောင့် မေလအတွက် အသင်းက ပေးတဲ့ တလတာ အကောင်းဆုံးကစားသမားဆုကို ရရှ်ိခဲ့တာဖြစ်ပါတယ်။အောင်ကောင်းမာန် ကတော့ မေလအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံရတဲ့ အတွက် သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ဆရီပါဟန်းမှာ ရှိတဲ့ သူတွေအားလုံးကို အလွန်ကျေးဇူးတင်တယ်လို့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အောင်ကောင်းမာန် ဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံထားရပေမယ့် ပါဝင်ကစားဖို့ ငြင်းဆန်ထားတာလည်းဖြစ်ပါတယ်။ဧရာဝတီယူနိုက်တက် အသင်း လူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ အောင်ကောင်းမာန် ဟာ ထိုင်းကလပ်တွေဖြစ်တဲ့ ထရက်၊ လမ်ပန်၊ ကိုးကိန်းယူနိုက်တက် အသင်းတွေမှာလည်း အငှားနဲ့ သွားရောက်ကစားခဲ့ပြီး အခု ဆရီပါဟန်း အသင်းဆီ ရောက်ရှိနေတာဖြစ်ပါတယ်။

ဆရီပါဟန်း အသင်းဟာ လက်ရှိမလေးရှား စူပါလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်(၁၃)ပွဲကစားအပြီးမှာ (၃)ပွဲနိုင်၊(၃)ပွဲသရေ၊(၇)ပွဲရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။မလေးရှားစူပါလိဂ်မှာ အသင်းပေါင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

Credit