ကိန်းနဲ့ ဂရီးလစ်ကို ဝယ်ချင်တာကြောင့် စတာလင်း၊ ဂျီးဆပ်တို့ကို ရောင်းချမယ့် မန်စီးတီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂရီးလစ်ချ်တို့ဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်တွေ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားနဲ့ ကားလင်းဖလားတို့ကို အရယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ အသင်းကို စဉ်ဆက်မပြတ် အင်အားဖြည့်တင်းချင်နေပြီး ယခုနှစ် အလှည့်ကျတာ ကတော့ တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေရာသီမှာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး အဂူရိုကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးထားသလို အသင်းမှာ ရှိနေတဲ့ နောက်ထပ် တိုက်စစ်မှူးတဦး ဖြစ်တဲ့ ဂါဘရီရယ် ဂျီးဆပ်ရဲ့ ခြေစွမ်းကို ဂွာဒီယိုလာက နှစ်သက်ခြင်း မရှိတာကြောင့် ထိပ်တန်း တိုက်စစ်မှူးတဦးကို ခေါ်ယူချင်နေတာ ဖြစ်ပြီး စပါးအသင်း ကနေ ထွက်ခွာချင်နေတဲ့ ဟယ်ရီကိန်းဟာ သူတို့အသင်းရဲ့ ထိပ်တန်း ပစ်မှတ်ပဲ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းခန့် သုံးစွဲရဖို့ ရှိနေသလို ဂွာဒီယိုလာဟာ ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းခန့် သုံးစွဲကာ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

မန်ချက်စတာ စီးတီးအသင်း အနေနဲ့ ဟယ်ရီကိန်းနဲ့ ဂရီးလစ်ချ်တို့ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်းခန့် သုံးစွဲကာ ခေါ်ယူရမှာ ဖြစ်တာကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAက ချမှတ်ထားတဲ့ ဘဏ္ဏာရေး စည်းမျဉ်း ဖြစ်တဲ့ FFPစည်းမျဉ်းနဲ့ ကိုက်ညီအောင် အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက အသုံးမလိုတဲ့ ကစားသမား တချို့ကို ပြန်လည် ရောင်းချရမှာ ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းဟာ စတာလင်း ၊ ဂျီးဆပ် ၊ လာပေါ်တေး တို့ကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ဖော်ပြသွားပါတယ်။ ဟယ်ရီကိန်းနဲ့ ဂရီးလစ်ချ်တို့ ရောက်လာရင် ဂျီးဆပ်နဲ့ စတာလင်းတို့ဟာ ပွဲထွက်ခွင့် ရဖို့ ခက်ခဲမှာ ဖြစ်သလို လာပေါ်တေးဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာရဲ့ နည်းစနစ်မှာ အံဝင်ခွင်ကျ ဖြစ်ဖို့ ရုန်းကန်နေရတာကြောင့် ဂွာဒီယိုလာဟာ သူတို့ကို ရောင်းချဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းဟာ စတာလင်းကို ပေါင် ၆၀သန်း ၊ ဂျီးဆပ်ကို ပေါင် ၅၀သန်း ၊ လာပေါ်တေးကို ပေါင် ၅၀သန်းတို့နဲ့ ရောင်းချချင်နေကြောင်း သိရပါတယ်။ကရက်ဒစ်