Sports

ဒီလာလီဂါ ကစားသမားတွေထဲက ဘယ်သူ့ကိုများ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မြင်တွေ့လာရနိုင်မလဲ

မကြာခင်မှာ စတင်ကျင်းပတော့မယ့် ယူရိုနဲ့ ကိုပါအမေရိကတို့လို ထိပ်တန်းနိုင်ငံတကာ ပြိုင်ပွဲကြီးတွေ ပြီးဆုံးသွားချိန်မှာ ဘောလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာတွေများစွာကို ပေးစွမ်းသွားမယ့် နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်ဟာလည်း တရားဝင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် စျေးကွက်မဖွင့်လှစ်ခင်မှာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ အကြိုရင်ခုန်မှုအနေနဲ့ လာမယ့်စျေးကွက်အတွင်း ပရီးမီးယားလိဂ်အသင်းတွေဆီကို ရောက်ရှိလာနိုင်တဲ့ စပိန်လာလီဂါကစားသမားတွေရဲ့အကြောင်းကို ဖော်ပြသွားချင်ပါတယ်။

ရီးယဲလ်အသင်းခေါင်းဆောင်ကြီး ရာမို့စ်ကတော့ ဒီရက်ပိုင်းမှာပဲ မန်စီးတီးနဲ့ သတင်းတွေ ထွက်လာခဲ့ရပါတယ်။ ဒါပေမယ့် ဒီယက်စ် ဂျွန်စတုန်းစ် လာပေါ့တ်နဲ့ အကီတို့လို ခံစစ်မှူးတွေရှိနေတဲ့ မန်စီးတီးထက် သူတို့ရဲ့မြို့ခံအသင်း ယူနိုက်တက်က ရာမို့စ်အတွက် ပိုပြီးသင့်လျော်နိုင်ပါတယ်။ ယူနိုက်တက်ကလည်း ဗဟိုခံစစ်မှူးတစ်ဦးကို အလိုရှိနေတာဖြစ်တာကြောင့် ရာမို့စ်ရဲ့ နားခိုရာအသစ်က မန်ချက်စတာ ဖြစ်လာနိုင်ပါတယ်။

လာလီဂါမှာ မက်ဆီ ဘန်ဇီမာ မော်ရီနိုနဲ့ ဆွာရက်ဇ်တို့ပြီးရင် ဒီမော်ရိုကိုတိုက်စစ်မှူး အန်နက်ဆီရီက သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သူပါ။ ဆီဗီလာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား အန်နက်ဆီရီကို ဝက်စ်ဟမ်းအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ကြိုးပမ်းခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့တာကြောင့် နွေစျေးကွက်အတွင်းမှာပဲ နောက်တစ်ကြိမ် ထပ်မံကြိုးပမ်းလာနိုင်ပါတယ်။

ဖာနန်ဒိုတောရက်စ် ဖယ်ရန်တောရက်စ်တို့အပြီး နောက်ထပ်တောရက်စ်တစ်ယောက်ပါ ပရီးမီးယားလိဂ်ကို ထပ်မံခြေချလာဖွယ် ရှိနေပါတယ်။ သူက ဗီလာရီးယဲလ်နောက်ခံလူ ပါအူတောရက်စ်ပါ။ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ဒီကစားသမားကို အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတွေက အပြိုင်စိတ်ဝင်စားနေကြပြီး ယူရိုမှာလည်း စပိန်အသင်းရဲ့နောက်တန်းကို ဦးဆောင်လာနိုင်ပါတယ်။ သူရဲ့ခြေစွမ်းကောင်းတွေကြောင့် မြင့်မားလှတဲ့ တန်ကြေးမျိုးနဲ့ ကမ်းလှမ်းရဖွယ်တော့ ရှိပါတယ်။

ဗလင်စီယာအသင်းက ဒီရာသီမှာ အတော်လေးကို ရုန်းကန်ခဲ့ရပေမယ့်လည်း ဒီကစားသမားကြောင့် အသင်းက အရမ်းမဆိုးရွှားခဲ့ရတာဖြစ်ပါတယ်။ ဆိုလာက ဒီရာသီမှာ ဗလင်စီယာအသင်းအတွက် လာလီဂါသွင်းဂိုး (၁၁)ဂိုး သွင်းယူခဲ့ပြီး (၈)ဂိုးကို ဖန်တီးပေးနိုင်ခဲ့ကာ သူရဲ့စွမ်းရည်ကို ပြသနိုင်ခဲ့တယ်။ ဒီစပိန်ကြယ်ပွင့်ကိုတော့ အာဆင်နယ်အသင်းကနေ အလိုရှိနေပြီး ဗလင်စီယာဘက်က ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် သေချာပေါက် ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းကို ရောက်ရှိပြီးမှ ဒဏ်ရာပြသာနာတွေ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ ကော်တင်ဟိုကို ပြီးခဲ့တဲ့နွေကတည်းက ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အလိုရှိခဲ့တာဖြစ်ပြီး ဒီနွေမှာလည်း သေချာပေါက်ကို ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်ကြဦးမှာဖြစ်သလို သူရဲ့အသင်းဟောင်း လီဗာပူးလ်ရဲ့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းက အလိုရှိဆုံး ဖြစ်နေကာ ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ကရက်ဒစ်