Sports

၂၀၂၁ ဘလွန်းဒီအောအတွက် ရေပန်းစားနေတဲ့ ကစားသမား ၆ ဦး

ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးတွင် ပြင်သစ်ကွင်းလယ်ကစားသမား ကန်တေသည် ဘလွန်းဒီအောဆုအတွက် ရေပန်းစားလာခဲ့သည်။ မန်စီးတီးကို ကျော်ဖြတ်ရန်အတွက် ချဲလ်ဆီးကွင်းလယ်တွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သော အသက် 30 အရွယ်ရှိ ကန်တေသည် ယခုနှစ်ဘောလုံးရာသီ၏ ဂုဏ်ဒြပ်အကြီးဆုံးဖြစ်သော တစ်ဦးချင်းဆုကို ဆွတ်ခူးသင့်ကြောင်း သတင်းများကဖော်ပြသည်။

ဘလွန်းဒီအောဆုကို နိုင်ငံလက်ရွေးစင်နည်းပြချုပ်၊ အသင်းခေါင်းဆောင်နှင့် စာနယ်ဇင်းများမှ ရွေးချယ်ခြင်းဖြစ်ပြီး နောက်ဆုံး ၁၃ နှစ်အတွင်း ရော်နယ်ဒိုနှင့် မက်ဆီက ၁၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ ယခုနှစ်တွင် ကန်တေနှင့်အတူ အခြားကစားသမား ၅ ဦးက ဘလွန်းဒီအောဆုအတွက် ရေပန်းစားနေသည်။

လီဝမ်ဒေါစကီး — အသက် ၃၂ နှစ်အရွယ် ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အတွက် ဂိုးများကို အတောမသတ်နိုင်အောင် သွင်းခဲ့သည်။ လီဝမ်ဒေါစကီးသည် ဘွန်ဒက်လီဂါသွင်းဂိုး ၄၁ ဂိုးကို စံချိန်တင် သွင်းယူပြီးနောက် ဘိုင်ယန်ကို ၇ နှစ်ဆက်တိုက်
အမှတ်ပေးချန်ပီယံရရှိရေး စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့်ဘောလုံးရာသီက ဖီဖာ၏ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆု ရရှိခဲ့သော လီဝမ်ဒေါစကီးသည် ယခုနှစ်တွင်ဘလွန်းဒီအောဆုရရန် ရေပန်းစားနေသည်။

အမ်ဘာပေ — အသက် ၂၂ နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေသည် အချိန်တိုအတွင်း ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူး ဖြစ်လာခဲ့သည်။ အမ်ဘာပေသည် လီဂူးဝမ်းချန်ပီယံဆုကို လက်လွှတ်ခဲ့ရသော်လည်း ဘာစီလိုနာအသင်းကို ဟက်ထရစ်သွင်းယူခဲ့သလို ဘိုင်ယန်ကိုလည်း ၂ ဂိုးသွင်းကာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အရောက် ပို့ဆောင်ပေးနိုင်ခဲ့သည်။ ပွဲကြီးများတွင် ခြေစွမ်းပြနိုင်သည့်
အမ်ဘာပေကို ရီးရဲမက်ဒရစ်က စိတ်ဝင်စားနေပြီး ဘလွန်းဒီအောဆုနှင့်လည်း ထိုက်တန်ကြောင်း ထင်ကြေးပေးမှုများ ရှိသည်။

ဟာလန်း — ဟာလန်းသည် အမ်ဘာပေနှင့်တန်းတူ ခြေစွမ်းရှိသူဖြစ်ပြီး ရော်နယ်ဒိုနှင့် မက်ဆီကဲ့သို့ပင် ဘောလုံးခေတ်တစ်ခေတ်ကို အတူတကွ ထူထောင်ကြမည့် ကစားသမားနှစ်ဦးဖြစ်သည်ဟု သတင်းများက ရေးသားကြသည်။ ယခုနှစ်ဘောလုံးရာသီတွင် ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၁ ဂိုး သွင်းယူထားသော ဟာလန်းသည် သူ၏ ကစားသမားသက်တမ်းတစ်လျှောက် နော်ဝေလက်ရွေးစင်အသင်းကြီးနှင့် ကလပ်အသင်းအတွက် စုစုပေါင်း ၁၃၂ ဂိုး သွင်းယူထားသည်။ ယခုနှစ် ချန်ပီယံလိဂ်တွင် ဂိုးအများဆုံး သွင်းယူထားသော ဟာလန်းသည် ဒေါ့မွန်နှင့်အတူ ပိုကယ်ဖလားကိုလည်း ရရှိထားသည်။

ဒီးယက်စ် — ဒီဘရန်းနားသည် မန်စီးတီးအတွက် ဂိုးပါဝင်ပတ်သက်မှု အမြင့်ဆုံး ကစားသမား ဖြစ်သော်လည်း အသင်းအတွက် တန်ဖိုးအရှိဆုံး ကစားသမားမှာ နောက်ခံလူ ရူဘင်ဒီးယက်စ် ဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့်
ဘန်ဖီကာမှ ပြောင်းရွှေ့ခဲ့သော ဒီးယက်စ်သည် ယခုနှစ် ရာသီတွင် မန်စီးတီးအတွက် ပွဲ ၅၀ ကစားပြီး ပေးဂိုး ၂၉ ဂိုးသာရှိရန် ကူညီပေးနိုင်ခဲ့သည်။ ဒီးယက်စ်သည် ဗြိတိန်အားကစားကလောင်ရှင်များအဖွဲ့မှ ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားသည်။

မက်ဆီ — လာလီဂါတွင် ဂိုး ၃၀ သွင်းပြီး ပီချီချီဆု ရရှိခဲ့သော မက်ဆီသည် ဘာစီလိုနာနှင့်အတူ ကိုပါဒယ်ရေးဖလားကို ရရှိထားသည်။ အသင်းလိုက် အောင်မြင်မှု နည်းပါးခဲ့သော်လည်း တစ်ဦးချင်းအနေဖြင့် ခြေစွမ်းကောင်းမွန်နေသောကြောင့် ယခုကဲ့သို့ ဘလွန်းဒီအောဆုရရှိရန် ရေပန်းစားခြင်းဖြစ်သည်။

Credit – inarr journal