Sports

လာမည့် ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲရန် အထူးရေပန်းစားတဲ့ အသင်းကို ရွေးချယ်လိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးက ဒီနွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ် အသင်းဟာ ဗိုလ်စွဲရန် အထူးရေပန်းစားတယ်လို့ ယုံကြည်နေပေမယ့် အင်္ဂလန် ကလည်း ဒီဖလားကို အထူး စိန်ခေါ်နိုင်တဲ့ အသင်းတွေ ထဲက တစ်သင်းလို့ ဆိုလိုက်ပါတယ်။ ပြင်သစ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ရုရှားမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ European Champion ဖြစ်ဖို့ အတွက် ပစ်မှတ်ထား နေပါတယ်။

နည်းပြ ဒီဒီယာဒေးချမ့်ဟာ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အပြင် ကာရင်ဘန်ဇီးမား ကိုလည်း အံ့အားသင့်ဖွယ် ပြန်လည် ရွေးချယ်ခဲ့တာကြောင့် ပြီးပြည့်စုံတဲ့ အသင်း ဖြစ်သွား ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် တိုက်စစ်မှုးဟာ ကီလီယန် အမ်ဘက်ပေ ၊ အန်တွိုင်ဂရစ်မန်း စတဲ့ သူတွေနဲ့ တိုက်စစ်မှာ တွဲဖက် ရမှာ ဖြစ်တာကြောင့် ပြင်သစ်ရဲ့ တိုက်စစ်အင်အားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား တုန်းကထက်တောင် တောင့်တင်း နေပါတယ်။

ဒီလို တောင့်တင်းတဲ့ တိုက်စစ်ကြောင့်လည်း အာဆင်ဝင်းဂါးက ပြင်သစ်ဟာ လာမည့် ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာနိုင်တယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါးက “ပြင်သစ်ဟာ အကြောင်းအရင်း များစွာကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တအား ရေပန်းစားနေတာ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်း တစ်ခု ကတော့ သူတို့ဟာ ရုရှားမှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်နဲ့ အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင် ခဲ့လို့ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ငယ်ရွယ်တဲ့ အသင်း တစ်သင်းပါ။ သူတို့ရဲ့ အကောင်းဆုံး အချိန်တောင် မရောက်သေးပါဘူး။ ဒါ့ကြောင့်လည်း သူတို့ဟာ ဒီယူရိုမှာ ဗိုလ်စွဲဖို့ တအား ရေပန်းစားနေတာလို့ ကျွန်တော် ထင်ပါတယ်။

ပြင်သစ်ရဲ့ တိုက်စစ်ကို ကြည့်လိုက်ပါ။ အမ်ဘက်ပေ ၊ ဘန်ဇီးမား ၊ ဂရစ်မန်း တို့အပြင် ကိုးမန်းနဲ့ အခြား ကစားသမားတွေလည်း ရှိနေပါတယ်။ သူတို့ရဲ့ ပထမဦးစားပေး တိုက်စစ် အတွဲအဖက်ဟာ တအားကို ကောင်းနေရုံတင် မကပါဘူး။ အရန်ခုံက သူတို့ရဲ့ တိုက်စစ် အင်အား ကလည်း လုံး၀ မယုံနိုင်စရာ ပါပဲ။ ပြင်သစ် အရန်ခုံက ကစားသမား တွေဟာ နေရာစုံ ကစားနိုင်စွမ်း ရှိကြသူတွေပါ။

 

လာမည့် ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ရှိကြပါတယ်။ ဒါတွေ ကတော့ ပြင်သစ် ၊ ဘယ်ဂျီယံ ၊ အင်္ဂလန် တို့နဲ့ အတူ နယ်သာလန် ကလည်း အခွင့်အရေး အနည်းငယ် ရှိပါတယ်။ ဒါဟာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းတွေ ဖြစ်ပါတယ်။ ဒီအုပ်စုလေး ထဲမှာ ကျွန်တော် ကတော့ ပြင်သစ်ကို အခြား အသင်းတွေရဲ့ ရှေ့မှာ ထားချင် ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လက်ရှိ ပြင်သစ်အသင်းဟာ လွန်ခဲ့တဲ့ ၁၉၉၈ နဲ့ ၂၀၀၀ ခုနှစ်က ကမ္ဘာ့ဖလား နဲ့ ယူရိုပြိုင်ပွဲ တို့မှာ ဗိုလ်စွဲနိုင်တဲ့ ဒီဒီယာဒေးချမ့်ရဲ့ ခေတ်က အသင်းကို အမှီလိုက်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လက်ရှိ ပြင်သစ် အသင်းဟာ ဒီလို လိုက်လုပ်နိုင်တဲ့ အလားအလာ ရှိသလား ဆိုတဲ့ မေးခွန်းကို ဝင်းဂါးက “အမှန်ပါပဲ။ သူတို့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ သိထားဖို့ လိုတာ ကတော့ ၂၀၀၀ ခုနှစ်က အသင်းဟာ ကျွန်တော့် အတွက်တော့ တအား ကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ အသင်းဟာ စုဖွဲ့မှု အရ အဆိုပါ အသင်းရဲ့ level ကို မရောက်သေးပါဘူး။ သူတို့ အနေနဲ့ ညီညွှတ်မှုကို ရှာဖွေဟာ ဒီ level ကို ရောက်အောင် လုပ်သွားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့မှာ အလားအလာ ရှိပါတယ်။ လက်ရှိ အသင်းဟာ တစ်ဦးချင်း အရည်အသွေး အရ ၂၀၀၀ ခုနှစ်က အသင်းထက် ပိုမို သာလွန်မှု ရှိနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SPORTS MYANMAR