Sports

ရိုနယ်ဒိုကို ရောင်းချဖို့ သဘောတူလိုက်တဲ့ ဂျူဗင်တပ်ဘုတ်အဖွဲ့နဲ့ ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေတဲ့ ယူနိုက်တက်အသင်း

ရိုနယ်ဒိုကို ရောင်းချဖို့ သဘောတူလိုက်တဲ့ ဂျူဗင်တပ်ဘုတ်အဖွဲ့နဲ့ ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေတဲ့ ယူနိုက်တက်အသင်း
အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒိုကို ယခုနှစ် နွေရာသီမှာ ရောင်းချသွားတော့မှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာန အများစုနဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားတဦး ဖြစ်သလို လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် အယ်လီဂရီနီဟာ သူ့ရဲ့ အသင်းမှာ ရိုနယ်ဒို ရှိနေတာကို သဘောမကျတာကြောင့် ယခုနှစ် နွေရာသီမှာပဲ ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တိုက်တွန်းခဲ့ပါတယ်။

တဖက်မှာလည်း ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ ကစားသမားတွေနဲ့ သူ့ရဲ့ ကြားမှာ တဖြည်းဖြည်းနဲ့ ဆက်ဆံရေးတွေ အေးခဲနေသလို ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးချိန်လောက်မှာ သူ့ကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ နည်းပြ အယ်လီဂရီနီရဲ့ လက်အောက်မှာ ကစားဖို့ ဆန္ဒမရှိတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပါတယ်။ လက်ရှိမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေပြီး ရိုနယ်ဒိုကတော့ ပီအက်စ်ဂျီအသင်းထက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ လစာငွေ လျှော့ယူမှုတွေလည်း ပြုလုပ်သွားမယ်လို့ ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ နည်းပြသစ် အယ်လီဂရီနီတို့ဟာ ယမန်နေ့မှာ အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကာ အဆိုပါ ဆွေးနွေးမှုအတွင်း ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ရိုနယ်ဒိုကို ဝယ်ယူချင်တဲ့ အသင်းတွေ ရှိလာပါက ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ၄၀သန်းကြား လိုချင်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။ ပီအက်စ်ဂျီအသင်း ကတော့ အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေ ထွက်သွားမှသာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် အနေအထားမှာ ရှိနေပါတယ်။

Unicode




crd