Sports

စည်းမျဉ်းအပြောင်းအလဲကြောင့် ယူရိုပြိုင်ပွဲမှာ သွင်းဂိုးတွေ အမြောက်အများမြင်တွေ့ရတော့မှာလား

မကြာခင် ကျင်းပတော့မယ့် ယူရို ၂၀၂၀ ပြိုင်ပွဲကြီး မှာ လက်ထိ ဘော နဲ့ ပတ်သက်တဲ့ စည်းမျဉ်းကို အပြောင်း အလဲ ပြုလုပ် ခဲ့ကြောင်း ပြိုင်ပွဲကို တာဝန်ယူ ကိုင်တွယ်မယ့် ဒိုင်လူကြီး အဖွဲ့ချုပ် အကြီးအကဲက ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဒီလို စည်းမျဉ်း ပြောင်းလဲ လိုက်မှုဟာ ပွဲချိန် အတွင်း သွင်းဂိုးတွေ ကို ပိုမို ရရှိ လာဖို့ အစပျိုး လိုက်တာ ဖြစ်တယ်လို့ သတင်း သမားတွေက သုံးသပ် ဖော်ပြ လာခဲ့ ကြပါတယ် ။

လက်ထိဘော စည်းမျဉ်း ဟာ ဘောလုံး သမိုင်း တစ်လျောက် အရှုပ်ထွေးဆုံး နဲ့ ပြင်ဆင်မှု အများဆုံး စည်းမျဉ်း တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ကစား သမား တစ်ယောက် အနေနဲ့ သူ့ရဲ့ လှုပ်ရှားမှုမှာ လက်မပါဘဲ မဖြစ် နိုင်တာကြောင့် မကြာခဏ ဆိုသလို လက်နဲ့ ဘောလုံး ထိမိမှုတွေ ရှိခဲ့ ကြပါတယ် ။

လက်ထိဘော နဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေကို နှစ်စဉ် ပြောင်းလဲ ပြင်ဆင် နေပေမယ့် ပြည်တွင်း လိဂ်တွေ မှာတော့ သက်ဆိုင်ရာ ဒိုင်လူကြီးတွေရဲ့ စိတ်ခံစားချက် နဲ့ ဆုံးဖြတ်ချက် တွေကသာ အဓိက ကျနေခဲ့ ပါတယ် ။ ဒါကြောင့် ကလပ် အသင်းတွေ ဟာ လက်ထိဘော ကိစ္စ နဲ့ ပတ်သက်ပြီး မကြာခဏ ဆိုသလို စောဒကတက် ဝေဖန် ပြောဆို ခဲ့ကြတာပါ ။

လာမယ့် ယူရို ပြိုင်ပွဲ မှာတော့ တိုက်စစ်ဆင် နေတဲ့ အသင်းက ကစား သမား တစ်ဦးဦး ဟာ ဂိုးသွင်းဖို့ ကြိုးစား နေချိန် အတွင်း မတော်တဆ ( ရည်ရွယ်ချက် ရှိရှိ တားဆီးခြင်း မဟုတ် ) လက်ထိ ခဲ့မယ် ဆိုပါက အဆိုပါ လက်ထိမှု ကို လစ်လှူရှု ပေးသွားမှာ ဖြစ်ကြောင်း UEFA ဒိုင်လူကြီး ကော်မတီ က ဆုံးဖြတ် ခဲ့တယ်လို့ ယမန်နေ့ ညပိုင်းက ထုတ်ပြန် သွားခဲ့ ပါတယ် ။

ဥရောပ ဒိုင်လူကြီး အဖွဲ့ချုပ်ဟာ အဆိုပါ စည်းမျဉ်းကို လာမယ့် ဘောလုံး ရာသီက စတင်ပြီး အသုံးပြုဖို့ ရည်ရွယ် ထားပေမယ့် ယူရို ပြိုင်ပွဲကို ကိုင်တွယ်မယ့် ဒိုင်လူကြီး တွေနဲ့ စည်းဝေး အပြီးမှာတော့ လက်ရှိ ပြိုင်ပွဲ ကနေ စတင် အသုံးပြုဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ UEFA ဒိုင်လူကြီး အဖွဲ့ချုပ် ဥက္ကဌ ရိုဆက်တီ က ပြောဆို သွားခဲ့ ပါတယ် ။

“ဥပဒေ စည်းမျဉ်းတွေ ဟာ ကွင်းထဲမှာ အမှန်တကယ် ကစားနေရတဲ့ ဘောလုံး သမားတွေ ရဲ့ လွတ်လပ်စွာ ကစားနိုင်မှု ရှိမရှိ အပေါ် မူတည်ပြီး အပြောင်းအလဲ တွေ ပြုလုပ် ရတာပါ ။ ဒီလက်ထိဘော စည်းမျဉ်း နဲ့ ပတ်သက်ပြီး ငြင်းခုန် နေရတာ ကြာပါပြီ ။ အခု ဒါကို စပြီး ပြောင်းလဲတော့မှာပါ” လို့ ရိုဆက်တီ က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး လူကျွံဘော ကို VAR နဲ့ ပြန်လည် သုံးသပ်ဆုံးဖြတ်တဲ့ အပေါ်မှာလည်း အယူအဆ တွေ ပြောင်းလဲ သွားမယ်လို့ ရိုဆက်တီက ဆိုသွားခဲ့ ပါတယ် ။ လူကျွံဘော စည်းမျဉ်းဟာလည်း လက်ထိဘော ကဲ့သို့ပဲ ရှုပ်ထွေးပြီး တစ်ဦးနဲ့ တစ်ဦး မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်ထွက် နေတာကြောင့် ဝေဖန် ပြောဆို ခံနေရတဲ့ စည်းမျဉ်း တစ်ခု ဖြစ်ပါတယ် ။

“ပြီးခဲ့တဲ့ လ အနည်းငယ် တုန်းက ဂွာဒီယိုလာ ပြောခဲ့တာ တစ်ခု ရှိပါတယ် ။ ‘ကွင်းထဲက ဒိုင်ရဲ့ အမှားကို ကျွန်တော် လက်ခံ နိုင်တယ် ၊ ဒါပေမယ့် VAR ခန်းထဲက အမှား ကိုတော့ လက်မခံ နိုင်ပါဘူး’ ။ သူ မှန်ပါတယ် ။ လူကျွံတယ်လို့ သိသာတဲ့ သဲလွန်စ မရှိဘဲ VAR ကနေ ကွင်းလယ်ဒိုင် ကို လူကျွံတယ်လို့ အချက်ပြလို့ မရပါဘူး”

“လူကျွံတာနဲ့ ပတ်သက်ပြီး တိကျ သေချာတဲ့ ၊ ခိုင်မာတဲ့ သက်သေတွေ ကျွန်တော်တို့ လိုအပ် ပါတယ်” လို့ ရိုဆက်တီက ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် ပွဲကြည့်သူတွေ အနေနဲ့ VAR တာဝန် ရှိသူတွေ ရဲ့ တိုင်းတာ စစ်ဆေးချက်တွေ ကိုတော့ အစအဆုံး တွေ့မြင်နိုင်မှာ မဟုတ်ဘူး လို့လည်း ရိုဆက်တီ က ဆိုသွားခဲ့ ပါတယ် ။

ယူရို ပြိုင်ပွဲကြီး ကို လာမယ့် ဇွန်လ ၁၁ ရက်နေ့ ကနေ ဇူလိုင်လ ၁၁ ရက်နေ့ အထိ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကွင်းပေါင်း ၁၁ ကွင်းမှာ ယှဉ်ပြိုင် ကစား သွားကြတော့မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR

Unicode











SPORTS MYANMAR