Sports

ယူနိုက်တက် ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲမှာ ကျေနပ်ဖွယ်ကောင်းတဲ့ ကတိပေးမှုတွေ ပြုလုပ်ခဲ့တဲ့ ဂျိုးလ် ဂလေဇာ

ဒီနှစ် ဘောလုံးရာသီကို ကြည့်ရှုလိုက်မယ် ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ အားမလို အားမရ ဖြစ်နေခဲ့ကြတဲ့ အသင်းပိုင်ရှင်တွေကို ပေါ်ပေါ်ထင်ထင် ဝေဖန်ထိုးနှက် ၊ ဆန္ဒတွေ ပြခဲ့ကြတာ အားလုံး မြင်တွေ့ကြပါ လိမ့်မယ် ။

အထူးသဖြင့် အိုးလ်ထရပ်ဖို့ဒ်ကွင်းမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းနဲ့ ကစားရမယ့် နေ့မျိုးမှာ ယူနိုက်တက် ပရိသတ်တွေ အရမ်းကို ပေါက်ကွဲ ၊ ဆန္ဒတွေ ပြခဲ့ကြတဲ့ အတွက် ပွဲစဥ် ကစားမယ့် ရက်စွဲကိုတောင် ရွှေ့ဆိုင်းခဲ့ရပါသေးတယ် ။

ဒါ့အပြင် လီဗာပူး အသင်းနဲ့ ပန်ကန်မယ့်နေ့မှာလည်း ယူနိုက်တက် ပရိသတ်တွေဟာ ပြိုင်ဖက် ကစားသမားတွေရဲ့ ဘက်စ်ကားကို ဖျက်လိုဖျက်စီး လုပ်ခဲ့ကြပါသေးတယ် ။ ဒါပေမယ့် ယူနိုက်တက် နဲ့ လီဗာပူး တို့က ပရိသတ်တွေကို လှည့်စားနိုင်ခဲ့ကြတဲ့ အတွက် ထိခိုက်မှု မရှိခဲ့ပါဘူး ။

ယူနိုက်တက် ပရိသတ်တွေမှ အသင်းအပေါ် အခုလိုမျိုး ပေါက်ကွဲ နေခဲ့ကြတဲ့ အဓိက အကြောင်းအရင်းကတော့ စီးပွားရေး ဆန်လွန်းတဲ့ အသင်းပိုင်ရှင်တွေရဲ့ လုပ်ရပ် ၊ ငွေရှာဖို့ပဲ အားသန်တဲ့ အမှုဆောင်ချုပ်ဟောင်း အက်ဒ် ဝုဒ်ဝက် တို့ကြောင့်ပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းမှ အက်ဒ် ဝုဒ်ဝက် ထွက်ခွာသွားခဲ့ပြီ ဖြစ်တဲ့ အတွက် ပရိသတ်တွေ အနည်းငယ်မျှ စိတ်ကျေနပ်ခဲ့ကြပါပြီ ။ ဒါပေမယ့် အသင်းပိုင်ရှင်တွေမှ ဘောလုံး အားကစား အပေါ်ကို အလေးအနက်ထားပေးဖို့ ပရိသတ်တွေ လိုချင်နေတဲ့အတွက် အခုလို အချိန်မှာ ဂျိုးလ် ဂလေဇာက ကိုယ်ထင်ပြလာခဲ့တာပဲ ဖြစ်ပါတယ် ။

အခုလို ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဖြစ်တဲ့ ဖိုရမ်မှာတော့ ဂျိုးလ် ဂလေဇာက ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ၊ ပရိသတ်တွေရဲ့ အသံကိုနားထောင်ဖို့ ၊ ပရိသတ်တွေရဲ့ အကြံဥာဏ်တွေကို လက်ခံဖို့ MUST နဲ့ ရှေ့ဆက်ပြီး လက်တွဲသွားမှာ ဖြစ်ကြောင်း ၊ အခုလည်း ဆွေးနွေးမှုတွေ လုပ်နေကြောင်း ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ပရိသတ်တွေရဲ့ အတွေးအမြင်တွေကို နားထောင်ပေးဖို့ ၊ သူတို့ရဲ့ မေးခွန်းထုတ်မှု အကြောင်းတွေကို သိရှိနိုင်ဖို့ ၊ အသင်းကို ဘယ်လို တိုးတက်အောင် လုပ်ဆောင်မလဲဆိုတဲ့အပေါ် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် ၊ အခုလို ဖိုရမ်ကို တက်ရောက်ခွင့် ရရှိတဲ့အတွက် ကျေနပ်မိ ပါတယ် ”

” အသင်းပိုင်ရှင်တွေ အနေနဲ့ ကျွန်တော်တို့ဟာ ပရိသတ်တွေ လိုချင်တဲ့ အရာတွေကိုပဲ ထပ်တူ လိုချင်ကြပါတယ် ။ အောင်မြင်နေတဲ့ အသင်း ၊ ခိုင်မာတဲ့ ကလပ် တစ်ခုကို ကျွန်တော်တို့ လိုချင်ကြပါတယ် ။ အဲ့တာတွေကို ရရှိနိုင်ဖို့ အတွက် ပရိသတ်တွေနဲ့ ပါတနာလို အလုပ်ပူးတွဲလုပ်ချင်ပါတယ် ”

” ပရိသတ်တွေ ဆိုတာက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသက်သွေးကြောတွေ ပါပဲ ။ ဒါ့ကြောင့် ပုဂ္ဂိုလ်ရေးအရ ပြောရရင် ကျွန်တော် သူတို့ဆီက အသံတွေကို ပရိသတ် အကြံပေးရေး အဖွဲ့အစည်း ၊ ပရိသတ်တွေရဲ့ အတွေးကို မျှဝေကြတဲ့ ကဏ္ဍတွေကနေ လိုချင် ၊ ကြားချင်မိ ပါတယ် ”

” အသင်းဖက်က ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေကို သိရှိ နိုင်ဖို့ MUST ( Manchester United Supporters’ Trust ) နဲ့ အတူ ဆွေးနွေးခဲ့တာ လတွေ အတော် ကြာမြင့်ခဲ့ ပါပြီ ။ လက်ရှိ ဆွေးနွေးမှုတွေက အရှိန်ကောင်းနေပါပြီ ။ ရာသီသစ် မစတင်မီ အားလုံး သဘောတူကြတဲ့ plan တစ်ခု ရနိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားကြပါတယ် ” လို့ ဂျိုးလ် ဂလေဇာ က ကတိ အချို့နဲ့ သတင်းကောင်း အချို့ ပေးခဲ့လိုက်ပါတယ် ။

#Sports_Myanmar

Unicode











#Sports_Myanmar