Sports

ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးနေကြတဲ့ ဒေါ့မွန်နဲ့ မန်ယူ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဘွန်ဒက်လီဂါ နာမည်ကြီး ကလပ် ဒေါ့မွန်အသင်းတို့ဟာ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီ ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အတော်များများနဲ့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် ၂၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပြီး ဒေါ့မွန်အသင်းဘက်ကလည်း ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်သွားဖို့ စီစဉ်ထားပါတယ်။


မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ဆန်ချိုဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် တောင်ပံ ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် အားနည်းချက် တခုလို ဖြစ်နေတဲ့ ညာတောင်ပံနေရာ အတွက် ဆန်ချိုကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ဆန်ချိုကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့ ကြားမှာ တရားဝင် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဆန်ချိုအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ စတင် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဂျာမန် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Sport Bild ကတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို သဘောကျပေမယ့် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အပြင် အပိုဆုကြေး ယူရို ၂၀သန်းကိုပါ ထပ်မံ လိုချင်နေကြောင်းနဲ့ လက်ရှိမှာ အဆိုပါ အပိုဆုကြေးကိစ္စကို နှစ်သင်းကြားမှာ ဆွေးနွေးနေကြောင်း အခိုင်အမာ ဖော်ပြထားပါတယ်။

Credit

Unicode





Credit