Sports

ဘရူနို မျှော်လင့်နေတဲ့နံပါတ်ကို လာမယ့်ရာသီမှာ ယူနိုက်တက် ဝတ်ဆင်ခွင့်ပြုသွားဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဓိကကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ စိတ်ကူးအိပ်မက်နံပါတ်ကို လာမယ့်ရာသီမှာ ဝတ်ဆင်ကစားခွင့်ပြုသွားဖို့ရှိနေပါပြီ။

ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းကနေ ပေါ(၄၆.၆)သန်းပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ အခုလက်ရှိအချိန်မှာ ကျောနံပါတ်(၁၈)ကို ဝတ်ဆင်ကစားနေသူဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အသင်းရဲ့ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ် တစ်ချိန်ကဝတ်ဆင်ကစားခဲ့တဲ့ နံပါတ်(၁၈)ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့် သူကတော့ သူ့ရဲ့စိတ်ကူးနံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၈)ကိုဝတ်ဆင်ခွင့်ရဖို့ ဆန္ဒက မပြောင်းလဲသေးပါဘူး။

အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၈)ဂျာစီကို ဝါရင့်ကွင်းလယ်လူမာတာက ဝတ်ဆင်နေပြီး အခုနွေရာသီမှာ မာတာဟာ အသင်းနဲ့လမ်းခွဲဖို့ရှိနေတာကြောင့် ဘရူနိုဖာနန်ဒက်စ်အတွက် မျှော်လင့်ချက်ရှိနေပါပြီ။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူမာတာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူနိုက်တက်အသင်းမှာ အကန့်အသတ်နဲ့သာပွဲထွက်ကစားခွင့်ရရှိနေပြီး

အသင်းနဲ့စာချုပ်သက်တမ်းကုန်တော့မှာဖြစ်သလို သူ့ကို ခေါ်ယူဖို့ ဆရာဟောင်းမော်ရင်ဟိုရှိတဲ့ရိုးမားအသင်းအပြင် ကလပ်အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။

မာတာဟာ မိခင်နိုင်ငံဖြစ်တဲ့ စပိန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေတဲ့အပြင် မေဂျာလိဂ်မှာလည်း သွားရောက်ကစားဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းကတော့ မာတာကို စာချုပ်ပါသဘောတူညီချက်အတိုင်း နောက်ထပ်(၁)နှစ်သက်တမ်းတိုးသွားဖို့ စီစဉ်နေပေမယ့် တကယ်လို့ ကစားသမားက အသင်းကထွက်ခွာချင်တယ်ဆိုရင်လည်း ခွင့်ပြုသွားဖို့ရှိနေပါပြီ။

မာတာနဲ့ ယူနိုက်တက်အသင်းတို့ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင်တော့ ကျောနံပါတ်(၈)ဂျာစီက လစ်လပ်သွားမှာဖြစ်တာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ကို နံပါတ်(၈)ပေးဖို့ တောင်းဆိုသွားမယ့်အနေအထားပါပဲ။

ဘရူနိုဖာနန်ဒက်စ်ဟာ အူဒီးနီးစ်၊ စပို့တင်းလစ္စဘွန်းအသင်းတို့မှာကစားခဲ့တုန်းက ကျောနံပါတ်(၈)ဂျာစီဝတ်ဆင်ခဲ့ပြီး ယူနိုက်တက်အသင်းမှာတော့ မာတာရှိနေတာကြောင့် နံပါတ်(၁၈)ကိုသာ ဝတ်ဆင်ခွင့်ရခဲ့တာပါ။

ဒါပေမဲ့လည်း ဘရူနိုဖာနန်ဒက်စ်ဟာ နံပါတ်(၁၈)ဝတ်ဆင်ကစားခွင့်ရခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ပြောကြားခဲ့ဖူးပြီး အဲဒီနံပါတ်ကို ရွေးချယ်ခဲ့တာကလည်း အကြောင်းရှိတယ်လို့ တစ်ခါတုန်း ယူနိုက်တက်ဝက်ဘ်ဆိုက်ဒ်နဲ့အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။

အဲဒီအင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်က “နံပါတ်(၁၈)ကို ရွေးချယ်ခဲ့တာက အကြောင်းအရာတွေအများကြီးရှိပါတယ်။

အဲဒီနံပါတ်က ကျွန်တော့်စိတ်ကြိုက်နံပါတ်တစ်ခုပါ။

ပြီးခဲ့တဲ့(၃)နှစ်တာကာလအတွင်း ကျွန်တော်ဟာ နံပါတ်(၈)ဂျာစီဝတ်ဆင်ကစားခဲ့ပြီး အကြောင်းကတော့ ကျွန်တော့်အဖေဟာ ကစားသမားဘဝတုန်းက နံပါတ်(၈)ဝတ်ဆင်ခဲ့သလို ကျွန်တော့်မွေးရက်ဖြစ်တဲ့အပြင် ကိုယ်တိုင်ကလည်း အဲဒီနံပါတ်ကို ကြိုက်နှစ်သက်ပါတယ်။

နံပါတ်(၁၈)ကတော့ ကျွန်တော့်ဇနီးမွေးရက်ဖြစ်ပြီး ဒီနံပါတ်ကို ကြိုက်ရတဲ့နောက်ထပ်အကြောင်းကတော့ ငယ်ငယ်တုန်းက ယူနိုက်တက်ပွဲတွေကြည့်ရင်

ပေါလ်စခိုးလ်ဟာ နံပါတ်(၁၈)ဝတ်ဆင်ကစားခဲ့တာကြောင့် ဒီလိုထိတ်ထိတ်ကြဲကစားသမားတစ်ဦး ဝတ်ဆင်ကစားခဲ့တဲ့နံပါတ်ကို အမွေဆက်ခံခွင့်ရမယ့်အခွင့်အရေးက ကျွန်တော့်အတွက် ကျေနပ်ဝမ်းမြောက်စရာဖြစ်လို့ပါပဲ”ဆိုပြီး ပြောကြားခဲ့ပါတယ်။crd