Sports

ကန်တီဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ထောက်ခံလိုက်တဲ့ လက်ရွေးစင် အသင်းဖော် ပေါ့ဘာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြင်သစ် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကန်တီဟာ ယခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ထောက်ခံသွားခဲ့ပါတယ်။ အသက် ၃၀အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကန်တီဟာ ယခုနှစ်မှာ သူ့ရဲ့ ကလပ် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့ ကစားသမားတဦး ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးနဲ့ ဗိုလ်လုပွဲစဉ်တွေရဲ့ MVP Player ဆုတွေကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကန်တီဟာ နာမည်ကျော် ပြင်သစ် ဂန္တဝင် ကွင်းလယ်ခံစစ် ကစားသမား မက်ခီလီလီရဲ့ ခြေရာကို နင်းနိုင်သူ အဖြစ် ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကို ခံထားရသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ် ချန်ပီယံဖြစ်အောင်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ဒုတိယဆု ရရှိအောင် ကူညီပေးခဲ့သူပါ။ လက်ရှိမှာတော့ ကန်တီဟာ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ တတိယမြောက် ရေပန်းအစားဆုံး ကစားသမား ဖြစ်နေပြီး သူ့ထက် ပိုပြီး ရေပန်းစားနေတဲ့ ကစားသမားတွေ ကတော့ ပြင်သစ် လက်ရွေးစင် အသင်းဖော် တိုက်စစ်မှူး အမ်ဘာပေနဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ပဲ ဖြစ်ပါတယ်။ ပေါ့ဘာကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ကန်တီဟာ ရွှေဘောလုံးဆုကို ရယူဖို့ ထိုက်တန်သူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားပါတယ်။

ကန်တီနဲ့ ပတ်သတ်ပြီး ပေါ့ဘာက – “ဒီနှစ် ရွှေဘောလုံးဆု အတွက် ကမ္ဘာကြီး တခုလုံးကို ကျွန်တော် ပြောချင်တဲ့ နာမည်ကတော့ “NG” ပါ။ (အန်ဂိုလို ကန်တီကို ရည်ရွယ်လျက်) အခုချိန်မှာ ကျွန်တော်တို့က သူ့ရဲ့ စွမ်းဆောင်ရည်တွေ အကြောင်းကို ပြောနေရပါတယ်။ ဒါပေမယ့် သူက အမြဲတမ်းကို ကောင်းခဲ့တာဗျ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ခရစ္စတီယာနို (ရိုနယ်ဒို) မပါဘူး။ မက်ဆီ မပါဘူး။ ဒီတော့ ကျွန်တော်တို့က ကွင်းလယ်လူတွေ ၊ နောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်တွေကို ပိုပြီး ဂရုတစိုက် ကြည့်ဖြစ်လာတယ်။ ကျွန်တော်ကတော့ ဒီစကားကို အရင်ကထဲက ပြောခဲ့ပါတယ်။ တကယ်လို့ ချယ်လ်ဆီးအသင်းကသာ ချန်ပီယံလိဂ် ရခဲ့ရင် ရွှေဘောလုံးဆုက ကန်တီအတွက်ပဲ ဖြစ်သင့်ပါတယ်။ သူက တကယ်ကို ရွှေဘောလုံးဆုနဲ့ ထိုက်တန်ပါတယ်။ သူက အမြဲတမ်းကို ကောင်းနေတဲ့ ကစားသမားပါ။ အခုလို သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းကို မြင်ရတဲ့အခါ ကျွန်တော် မအံ့ဩမိပါဘူး။ ကျွန်တော်ကို အံ့ဩစေတာက သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းကို တသမတ်ထဲ ထိန်းထားနိုင်တဲ့ အရည်အချင်းပါပဲ။ သူက ပွဲတိုင်းမှာ ကောင်းနေတာဗျ” လို့ ပြောကြား သွားခဲ့ပါတယ်။

Credit