Sports

၈ရက်အတွင်း ဖလား ၂လုံး မြှောက်နိုင်ခဲ့ပြီးနောက် သူ့ရဲ့ ရင်ခုန်သံ စကားလုံးတွေကို ဖွင့်ဟလာတဲ့ ပူလီဆစ်

ယနေ့ မနက်က ကစားခဲ့တဲ့ ကွန်ကာကပ် နေရှင်လိဂ် ဗိုလ်လုပွဲမှာ အမေရိကန် လက်ရွေးစင် အသင်း ဟာ ဒေသတွင်း မဟာပြိုင်ဖက် မက္ကဆီကို လက်ရွေးစင် အသင်းကို အချိန်ပို ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် ခရစ်တီယန် ပူလီဆစ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အတူ ၃ – ၂ နဲ့ အနိုင်ရခဲ့ကာ ၊ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။

ဒီပွဲဟာ ပရိသတ်တွေ ထင်ထားတာထက် ပိုပြီး အကြိတ်အနယ် ရှိခဲ့ပြီး ၊ ဥရောပမှာ အခြေချမှု အတော်များပြားလာတဲ့ ကြယ်ပွင့်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန် လက်ရွေးစင် အသင်း အတွက် ပထမဆုံးသော အောင်မြင်မှု ခြေလှမ်း တရပ်လည်း ဖြစ်ပါတယ် ။

အမေရိကန် အသင်းဟာ ဒီပွဲမှာ ၂ကြိမ်တိုင်တိုင် ၊ အနောက်က လိုက်ကစားခဲ့ရပြီး ၊ ပွဲအစ ၂မိနစ်မှာတင် မက္ကဆီကို တောင်ပံ ကစားသမား ဂျီးဆပ်စ် ကိုရိုနာရဲ့ အဖွင့်ဂိုးကို စတင် ခွင့်ပြုခဲ့ရပါတယ် ။ ပွဲချိန် ၂၇မိနစ်မှာတော့ ဒေါ့မွန် လူငယ် ကြယ်ပွင့် ဂျီယိုဗန်နီ ရေနာ က အမေရိကန် အတွက် ချေပဂိုး သွင်းပေးခဲ့လို့ ၊ ပထမပိုင်း အပြီး တဖက် တဂိုးစီ သရေ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ် ။

ဒုတိယပိုင်းမှာလည်း အမေရိကန် ဖက်က မန်စီးတီး ဂိုးသမား ဇက်ခ် စတက်ဖန် ဒဏ်ရာ ရသွားခဲ့လို့ ၊ အရန် ဂိုးသမား အီသန် ဟိုဗရက်နဲ့ လူစားလဲခဲ့ရပါတယ် ။ ပွဲချိန် ၇၈ မိနစ်မှာတော့ မက္ကဆီကို အတွက် ဦးဆောင်ဂိုးကို ရီးရဲလ် ဘက်တစ် လူငယ် တောင်ပံ ကစားသမား ဒီယေဂို လိန်းနက်ဇ် က သွင်းယူပေးခဲ့ပါတယ် ။

မိနစ်ပိုင်း အကြာမှာပဲ အမေရိကန် လက်ရွေးစင် အသင်း အတွက် ယူဗင်တပ် ကွင်းလယ်လူ ဝက်စ်တန် မက်ကင်နီ က ခေါင်းတိုက်ဘောနဲ့ အဖိုးတန် ချေပဂိုးကို ရယူပေးခဲ့ပါတယ် ။ အချိန်ပို ၂ပိုင်းစီ ကစားခဲ့ရာမှာတော့ တကယ်တမ်း အဆုံးအဖြတ် ဖြစ်ခဲ့တာက ဒုတိယပိုင်း အချိန်ပိုရဲ့ နောက်ဆုံး ၁၀မိနစ် အတွင်းမှာ ဖြစ်ပါတယ် ။

အချိန်ပို ဒုတိယပိုင်း အစ မိနစ် အနည်းငယ် အတွင်းမှာပဲ အမေရိကန် အသင်း ခေါင်းဆောင် ခရစ်တီယန် ပူလီဆစ်ကို ပင်နယ်တီ ဧရိယာ အတွင်း မက္ကဆီကို တောင်ပံ ကစားသမား ဟာဗင်း လိုဇာနို မသိမသာ တားဆီးခဲ့ခြင်းကြောင့် VAR ရဲ့ အဆုံးအဖြတ်နဲ့ အတူ အမေရိကန်တို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပြီး ၊ ဒီ ပင်နယ်တီ ကို ပူလီဆစ် ကပဲ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ် ။

အမေရိကန်တို့ ပင်နယ်တီ မရမီ ၊ ကွင်းဘေးစည်းမှာ ရုန်းရင်းဆန်ခတ်တချို့ ဖြစ်ခဲ့ပြီး ၊ မက္ကဆီကို နည်းပြ တာတာ မာတီနို ဟာလည်း တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ် ။ အဲ့ဒီနောက် မိနစ် ၁၂၀ အရောက်မှာ မက္ကဆီကိုတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပေမယ့် ၊ လူစားဝင် ဂိုးသမား ဟိုဗရက် က အမေရိကန် အတွက် ဟီးရိုး သဖွယ် ပင်နယ်တီကို ကာကွယ်ခဲ့ပါတယ် ။

ဒါဟာ လက်ရှိ အမေရိကန် လက်ရွေးစင် အစုအဖွဲ့ရဲ့ ပထမဆုံးသော မေဂျာဖလား အောင်မြင်မှု တရပ်လို့ သတ်မှတ်လို့ ရသလို ၊ ဒီ နေရှင်လိဂ်ဖလား ဟာ ပူလီဆစ် အတွက်လည်း အမေရိကန် လက်ရွေးစင် အသင်းနဲ့ ပထမဆုံး ကိုင်မြှောက်ခွင့် ရခဲ့တဲ့ ဖလားလည်း ဖြစ်ခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ ပူလီဆစ် က ဒီအောင်ပွဲ ဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ အဆုံးသတ် ဖြစ်စေကြောင်း ၊ ပင်နယ်တီ ကန်ခွင့်မှာ ဝင်အောင် အဆုံးသတ်နိုင်မယ် ဆိုတာ ယုံကြည်မှု ရှိခဲ့ကြောင်း ဖွင့်ဟရင်း ၊ အမေရိကန် အတွက် အဖိုးတန် ပင်နယ်တီ ကာကွယ်မှု လုပ်နိုင်ခဲ့တဲ့ အသင်းဖော် ဂိုးသမား ဟိုဗရက် ကိုလည်း အခုလိုပဲ ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ် ။

CBS Sport နဲ့ ပွဲပြီး အင်တာဗျူးမှာ ပူလီဆစ် က ” အရိုးသားဆုံး ဝန်ခံရရင် ဒါဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် ပြီးပြည့်စုံသော နည်းလမ်းနဲ့ အဆုံးသတ်ခြင်း ဖြစ်ပါတယ် ။ ဒီ ကစားသမား အစုအဖွဲ့ အတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ် ။ ”

” ဒီနေ့ပွဲမှာ အသင်းသားတိုင်းကို ကျွန်တော်တို့ လိုအပ်ခဲ့ပြီး ၊ လက်ဖျားခါရလောက်တဲ့ အံ့သြဖွယ် စွမ်းဆောင်ရည်မျိုး ဖြစ်ပါတယ် ။ ဒီပွဲမတိုင်ခင် လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းဖော်တွေကို ပင်နယ်တီ ကန်ခွင့် ရလာရင် ကျွန်တော် ဆယ်ပြားစေ့ထောင့်ထဲကို ဝင်အောင် ကန်ပြမယ်လို့ ပြောခဲ့ဖူးပါတယ် ။ တကယ်လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ”

” သူ ( ဟိုဗရက် ) ဒီ ပင်နယ်တီကို ကာကွယ်နိုင်မယ်လို့ ကျွန်တော် ကြိုသိနေခဲ့ပါတယ် ။ သူ့ အပေါ်မှာ ကျွန်တော် ယုံကြည်မှု အပြည့် ရှိပါတယ် ။ သူဟာ အရင်ကတည်းက ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ ပတ်သက်လာရင် လက်စွမ်းကောင်း ပြလေ့ရှိပြီး ၊ ဒီအတွက်ကြောင့် ဒီနေ့ပွဲက ပင်နယ်တီ အခိုက်အတန့်မှာ သူ့ကို ယုံကြည်ခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR