Local News

ဒေါ်အောင်ဆန်းစုကြည်အတွက် အလှူငွေများလက်ခံမည်မဟုတ်ဟု ရှေ့နေဦးခင်မောင်ဇော်အသိပေး

ဒေါ်အောင်ဆန်းစုကြည်အတွက် အလှူငွေများလက်ခံမည်မဟုတ်ဟု ရှေ့နေဦးခင်မောင်ဇော်အသိပေး

ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အလှူရှင်များမှ လှူဒါန်းရန် ဆက်သွယ်မှုများရှိလာသော်လည်း လက်ခံမည်မဟုတ်ကြောင်း၊ လက်ရှိအချိန်အထိ ၎င်း၏စရိတ်ဖြင့်သာ နေထိုင်နေကြောင်း အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးခင်မောင်ဇော်က ယမန်နေ့(ဇွန် ၇ ရက်) ညတွင် လူမှုကွန်ရက်မှတစ်ဆင့် အများပြည်သူအား အသိပေးရေးသားထားသည်။

“ဒေါ်မင်းမင်းစိုးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ သူအခုထိ သူ့စရိတ်နဲ့သူပဲ နေနေတယ်ဆိုတာကိုမျှဝေလိုခြင်းပါ။ သူ့ငွေရေးကြေးရေးအခြေအနေက သူနဲ့ရင်းနှီးတဲ့ရှေ့နေတွေကိုတိုင်ပင်တာပါ။ သူကလူထုကိုပြောစေတာလဲမဟုတ်၊ သိစေတာလဲမဟုတ်ပါ။ ကျွန်တော်တို့ရှေ့နေတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီးအလှူငွေ စသည်ပေးပို့တာကို လက်ခံမှာ၊ ရယူမှာမဟုတ်ပါ” ဟု ဦးခင်မောင်ဇော်က ဖြေရှင်းခဲ့သည်။

ထို့ပြင် ရှေ့နေများကိုယ်တိုင်က အခမဲ့ရှေ့နေလိုက်ပေးခြင်းဖြစ်ပြီးရှေ့နေခသာမက မည်သည့်စရိတ်စကကိုမှ လက်မခံကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်၍ ငွေကြေးပစ္စည်းများ မပေးပို့ကြရန် မေတ္တာရပ်ခံကြောင်း ဦးခင်မောင်ဇော်ကဆိုသည်။

ယမန်နေ့က ရုံးချိန်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုများကို ရိုးရှင်းသောအမှုများအဖြစ်သတ်မှတ်ပြီး (၆) လအတွင်း အပြီးသတ်စစ်ဆေးရန် တရားသူကြီးကသဘောတူခဲ့ပြီး ဇွန် ၁၄ ရက်မှစ၍ တစ်ပတ်နှစ်ရက် ပုံမှန်ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်