ယူနိုက်တက်အသင်းက မျှော်လင့်ချင်စရာ အဆင့်မျိုးမှာ ရှိမနေတော့ဘူးလို့ နည်းပြဟောင်း မော်ရင်ဟိုသုံးသပ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ဟိုဆေးမော်ရင်ဟိုက သူအသင်းကို စတင်ရောက်ရှိလာချိန်မှာ အသင်းအတွက် ဆုဖလားအောင်မြင်မှုတချို့ကို ရယူနိုင်ခဲ့ပေမယ့် သူ့ကို လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ အသင်းရဲ့အနေအထားက ဆုဖလားတွေ ရယူနိုင်ဖို့အတွက် မျှော်လင့်ချင်စရာကောင်းလောက်တဲ့ အဆင့်မျိုးကနေ ကျဆင်းသွားခဲ့ရတယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာာယူနိုက်တက်နဲ့ စပါးတို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နာမည်ကျော် ဘောလုံးနည်းပြ မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်မှာပဲ ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အသင်းနဲ့ ပွဲထွက်ဦးတဲ့နှစ်မှာပဲ အသင်းအတွက် ယူရိုပါလိဂ်ဖလား လိဂ်ဖလား ကွန်မြူနတီဒိုင်းတို့ကို ရယူပေးနိုင်ခဲ့ပေမယ့် သူ့ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာ ယူနိုက်တက်အသင်းဟာ ဖလားလက်မဲ့ရာသီတွေကို ဆက်တိုက်ဖြတ်သန်းနေခဲ့ရပါတယ်။

သူရဲ့အသင်းဟောင်း ယူနိုက်တက်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ယူနိုက်တက်အသင်းကို ကျွန်တော်စတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ အသင်းက ဆုဖလား(၃)ခုကိုတောင် ပိုင်ဆိုင်နိုင်ရတဲ့ အခြေအနေမျိုးအထိ ရောက်ရှိခဲ့ရတယ်။ ဒီလို အောင်မြင်မှုတွေနဲ့ ကြုံတွေ့လာရတော့ ဒီထက်မက ပိုအောင်မြင်ချင်လာတယ်။ ကျွန်တော်က အကောင်းမြင်တတ်သူတစ်ယောက် ဆိုပေမယ့် လက်တွေ့ဆန်တဲ့ လူတစ်ယောက်လည်း ဖြစ်နေပါတယ်။ ကျွန်တော် ယူနိုက်တက်အသင်းမှာ ယူရိုပါလိဂ်နဲ့ ပြည်တွင်းဆုဖလားတစ်ခု ရယူခဲ့ပြီးတဲ့နောက်မှာ ဒါတွေက မလုံလောက်သေးဘူး နောက်တစ်ဆင့်ထိတတ်အောင် လုပ်ရဦးမယ်လို့ ခံစားမိခဲ့တယ်။ ါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာကတော့ လူတွေက ပြောကြတယ်။ မင်းတို့ အဆင့်(၂)မှာ ရပ်တည်နေနိုင်ခဲ့တာပဲ။ ဒါ မင်းတို့အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုပဲလို့။ ကျွန်တော်ဆိုရင်တော့ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့မယ်ဆိုရင် အဲ့ဒီရာသီကို ဆိုးရွှားတဲ့ ဘောလုံးရာသီလို့ပဲ သတ်မှတ်မှာပါ။ ဖလားလက်မဲ့ ရာသီဖြစ်ခဲ့ပေမယ့် ဒီလိုအကောင်းမြင်တတ်ကတော့ နောက်ရာသီတွေအတွက် ကောင်းမွန်စေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မီဒီယာတွေရဲ့အမြင်မှာ ယူနိုက်တက်ဟာ ဆုဖလားတွေအတွက် မျှော်လင့်ချင်စရာ အဆင့်တစ်ခုမှာတောင် ရှိမနေတော့ဘူးလို့ ကျွန်တော်ထင်မိတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Credit