Sports

ဆန်ချိုကို ဇူလိုင်လ မကုန်မီ အပြီးသတ် ဝယ်ဖို့ မန်ယူအသင်းကို အသိပေးထားတဲ့ ဒေါ့မွန်အသင်း

ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ သူတို့အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ဇူလိုင်လ မကုန်မီ ရောင်းချချင်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၁နှစ် အရွယ် အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားချင်ကြောင်း အတိအလင်း ဖွင့်ဟ ဝန်ခံဖူးတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒို ၊ နာနီတို့ ထွက်ခွာသွားပြီးနောက် အားနည်းချက် တခုလို ဖြစ်နေတဲ့ သူတို့အသင်းရဲ့ ညာတောင်ပံ တိုက်စစ် အတွက် ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ထဲက ကြိုးစားခဲ့ပြီး ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ဒေါ့မွန်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ နောက်ထပ် တရာသီ ဆက်လက် ရှိနေခဲ့တာပါ။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်လာသလို ဒေါ့မွန်အသင်းကလည်း ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ၁၀၀သန်းကြား ရရှိရင် ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ရောင်းထုတ်ဖို့ ကြိုတင် ပြင်ဆင်ထားသလို ဆန်ချိုရဲ့ နေရာအတွက် အစားထိုးမယ့် ကစားသမားတွေကိုလည်း ရှာဖွေပြီးပြီ ဖြစ်တာကြောင့် ဆန်ချိုကို ဇူလိုင်လ မကုန်မီ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောင်းချချင်နေကြောင်း သိရပါတယ်။ တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက ကစားသမားသစ် ခေါ်ယူမှုတွေကို ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ မစတင်မီ အပြီးသတ်ချင်ကြောင်း ပြောကြားထားတာကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ မကြာခင်မှာ ဖြစ်ပေါ်လာဖွယ် ရှိပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းနဲ့ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း + အပိုဆုကြေး ယူရို ၂၀သန်းနဲ့ သဘောတူညီမှု ရဖွယ် ရှိပါတယ်။

Credit