Sports

ဖလား ၂၅ လုံးနဲ့တစ်ဝက် ရခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြလိုက်တဲ့ မော်ရင်ညို

ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာစီးတီး အသင်းနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ဖိုင်နယ် ပွဲစဥ်မတိုင်မီ တစ်ပတ်အလိုမှာ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ ဂျိုဆေးမော်ရင်ညိုက သူက မန်နေဂျာ ဘဝမှာ ဖလား ၂၅ လုံး နဲ့ တစ်ဝက် ဆွတ်ခူးနိုင်ခဲ့တယ်လို့ ကြေငြာ သွားခဲ့ပါတယ်။

မော်ရင်ညိုဟာ ပေါ်တို ချဲလ်ဆီး ရီးရဲယ်မက်ဒရစ် အင်တာမီလန် မန်ချက်စတာယူနိုက်တက် တို့နဲ့အတူ ဖလား ၂၅ လုံး ဆွတ်ခူး နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလကလည်း စပါးနဲ့ အတူ ဖလား ဆွတ်ခူးနိုင်မယ့် အခွင့်အရေးကောင်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီ နည်းပြဟာ မန်စီးတီးနဲ့ ဖိုင်နယ်ပွဲစဥ် မတိုင်မီ ထုတ်ပယ်ခံခဲ့ရတာကြောင့် နောက်ထပ် ဆုဖလား တစ်လုံး ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ကာ ရိုင်ယန်မေဆင် ဦးဆောင်တဲ့ အသင်းဟာ ပက်ဂွာဒီယိုလာရဲ့ အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မော်ရင်ညို ဘက်ကတော့ သူ့အနေနဲ့ စပါးကို ဖိုင်နယ်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဒီလို လုပ်ဖို့ အခွင့်အရေး မပေးခဲ့တာကြောင့် ဒါကို ဆုဖလား တစ်ဝက် အဖြစ် သတ်မှတ်တာ မျှတမှု ရှိတယ်လို့ ပြောခဲ့ပါတယ်။

မော်ရင်ညိုက ”ဂျိမ်းစ်ရေ…မင်းအနေနဲ့ သတင်းတစ်ခု ဖန်တီးချင်တယ် ဆိုရင်…ငါ့ရဲ့ မန်နေဂျာဘဝမှာ ဆုဖလား ဘယ်နှစ်လုံး ရခဲ့သလဲ ဆိုပြီး မေးလို့ရပါတယ်။ ၂၅ လုံးနဲ့ တစ်ဝက်ပါ။”

 

‘တစ်ဝက်ဆိုတာ ဘာလဲ’ လို့ သတင်းထောက် ပြန်မေးခဲ့ရာမှာ

မော်ရင်ညိုက ”တစ်ဝက်ဆိုတာ တော့တင်ဟမ်နဲ့ အတူ မယှဥ်ပြိုင်လိုက်ရတဲ့ ကျွန်တော့်ရဲ့ ဖိုင်နယ်ပါပဲ။ ဖိုင််နယ်ပွဲစဥ်တွေ အများကြီး ကစားဖူးခဲ့တဲ့ ကစားသမားတွေကို ခင်ဗျား မေးကြည့်လိုက်ပါ။ ‘ဖိုင်နယ် ကစားရတာ အိမ်မက်တစ်ခုပဲ’ လို့ အားလုံးက ပြောကြပါလိမ့်မယ်။ ပထမဦးဆုံး ဖိုင်နယ်ပဲ မဟုတ်ပါဘူး။ အကြိမ် ၂၀ မြောက် ၊ အကြိမ် ၅၀ မြောက် ဖိုင်နယ်လည်း ဒီအတိုင်းပါပဲ။ ဖိုင်နယ်ပွဲစဥ် ဆိုတာ အမြဲတမ်း အိမ်မက်တစ်ခု ပါပဲ။

ဝင်ဘာလေမှာ ကစားရတဲ့ ဖိုင်နယ်ဟာ အိမ်မက်တစ်ခုထက်ကို ပိုပါတယ်။ ကျွန်တော်ဟာ ဝင်ဘာလေကွင်းသစ်မှာ ပထမဦးဆုံး ဖိုင်နယ် ကိုင်တွယ်ခွင့် ရခဲ့တဲ့ သူဖြစ်ပါတယ်။ ဝင်ဘာလေကို သွားရောက်ရတဲ့ အခါတိုင်း ဒါဟာ အိမ်မက်တစ်ခုထက်ကို ပိုပါတယ်။ ဆုဖလားတွေ သိပ်ပြီး မရဖူးတဲ့ ကလပ်နဲ့ ဖလားဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရခဲ့တာဟာ double dream ပါပဲ။

ကျွန်တော်ဟာ ကလပ်တစ်ခုနဲ့ လမ်းခွဲလိုက်တဲ့ အခါမှာ နောက်ကြောင်းတွေ ပြန်ပြီး တွေးလေ့ ရှိသူမဟုတ်ပါဘူး။ အထုပ်ပြင်ပြီး လူကောင်းတွေကို နှုတ်ဆက်ပြီး ထွက်လာလေ့ ရှိသူပါ။ ဒါပေမယ့် ကျွန်တော်ဟာ မန်နေဂျာ ဘဝမှာ ဖလား ၂၅ လုံးနဲ့ တစ်ဝက် ဆွတ်ခူးနိုင်ခဲ့တယ်လို့ပဲ ခပ်ရွှတ်ရွှတ် ပြောရမှာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ မန်နေဂျာ ဘဝမှာ ထူးထူးခြားခြား အနေနဲ့ ဖိုင်နယ်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ယှဥ်ပြိုင်ဖို့ အခွင့်အရေး မရခဲ့လို့ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM