Sports

အဖွင့်ပွဲစဉ်မှာ သူတို့ရဲ့ အဆင့်အတန်းကို ပြသခဲ့ပြီး တူရကီကို ဂိုးပြတ်ချေမှုန်းခဲ့တဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ၄-၃-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး အသင်းခေါင်းဆောင် ခေးလီနီကို ဂျူဗင်တပ်စ်အတွဲ ဘိုနူချီနဲ့ တွဲဖက်ပေးခဲ့သလို ကွင်းလယ်မှာတော့ ပြိုင်ဘက်အသင်းတွေ မနာလိုစရာ အတွဲအဖက်ဖြစ်တဲ့ ဂျော်ဂျင်ညို၊ ဘာရဲလား၊ လိုကာတယ်လီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အင်မိုဘီလီကို အင်ဆီညာနဲ့ ဘယ်ရာဒီတို့ ရံပြီး မိုးပြာမဟုတ်တဲ့ အဖြူရောင်ဝတ်စုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဆိုယွန်ကျူးနဲ့ ဒီမီရယ်လ်တို့ အတွဲအဖက်ကတော့ တူရကီတို့ကို ထင်သလောက် မမာကျောစေသလို မကြာခဏ ကန်ခွင့်တွေ ပေးနေခဲ့ရပြီး ပွဲချိန် ၁၇ မိနစ်မှာ စပင်နက်ဇိုလာရဲ့ ဖြတ်တင်ဘောကို ချယ်လိခ် လက်ထိခဲ့ပေမယ့် ဒိုင်လူကြီးက သက်ညှာသွားခဲ့သလို မကြာခင်မှာပဲ အင်ဆီညာ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ပေမယ့် ချိန်သားမကိုက်ခဲ့လို့ ဘေးထွက်သွားခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဆိုယွန်ကျူ လက်ထပ်ထိတာကို VAR ပြန်ကြည့်ပြီးမှ ပင်နယ်တီပေးဖို့ ငြင်းသွားခဲ့ပြီး ဒီကနေရတဲ့ ထောင့်ကန်ဘောကို ခေးလီနီ ခေါင်းတိုက်ရာမှာလည်း ဂိုးသမား ချာကီယာ ပုတ်ထုတ်သွားနိုင်ခဲ့သလို တူရကီရဲ့ ဂိုးဧရိယာထဲအထိ ထိုင်ထားတဲ့ ခံစစ်ကို အီတလီတို့ အားနည်းတဲ့ ကန်ချက်တွေနဲ့ ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ တူရကီဘက်က ဆန်ဂျစ် အွန်ဒါက လီလီကစားသမား ယာဇီချီနေရာ ဝင်ကစားခဲ့သလို အီတလီဘက်ကတော့ လုံးဝ သေသလောက်ဖြစ်နေတဲ့ ညာတောင်ပံတိုက်စစ်အတွက် နောက်ခံလူ ဖလော်ရန်ဇီနေရာမှာ ဒီလော်ရန်ဇိုကို လူစားပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ အီတလီတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ကွင်းလယ်က ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းမှာ လွတ်လွတ်ကျွတ်ကျွတ် ရသွားတဲ့ ဘယ်ရာဒီက တူရကီဘယ်နောက်ခံလူ မီရာ့ရှ်ကို ကျော်ပြီး အင်မိုဘီလီဆီ ဖြတ်တင်ပေးရာမှာ ကြားထဲက ဝင်တားဖို့ ကြိုးစားတဲ့ ဂျူဗင်တပ်စ် နောက်ခံလူ ဒီမီရယ်လ်နဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ ယူရိုပြိုင်ပွဲရဲ့ အဖွင့်ဂိုးက Own Goal ဖြစ်သွားခဲ့ပါတယ်။

တူရကီတို့ရဲ့ ပိတ်ကစားနေတဲ့ ခံစစ် စတင်ပြိုကွဲခဲ့အပြီးမှာတော့ အီတလီတို့ ဆက်တိုက် ထိုးဖောက်နိုင်ခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာတော့ တောင်ပံတိုက်စစ်မှူးတစ်ယောက်လို တိုက်စစ်မှာ လိုက်ပါကစားနေတဲ့ ဘယ်နောက်ခံလူ စပင်နက်ဇိုလာရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာရာကနေ တိုက်စစ်မှူး အင်မိုဘီလီက ပိတ်သွင်းရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ တူရကီဂိုးသမားရဲ့ လူပေးမှားတာကနေ ဘယ်ရာဒီ ပြန်ရသွားခဲ့ပြီး အလယ်ကို ပြန်ထည့်ပေးရာကနေ အင်မိုဘီလီက ဘယ်ခြမ်းကို ပြန်ထိုးပေးရာမှာ Curling Shot တွေ တစ်ပွဲလုံး လွဲချော်နေခဲ့တဲ့ အင်ဆီညာက ဒီတစ်ကြိမ်မှာတော့ တိတိကျကျ အဝေးတိုင်ဘက်ကို ကန်သွင်းနိုင်ခဲ့လို့ အီတလီတို့ တတိယဂိုးရယူသွားနိုင်ခဲ့ပါတယ်။

သုံးဂိုးရအပြီးမှာတော့ အီတလီတို့ တိုက်စစ်ကစားသမားသုံးယောက်စလုံးကို ခီယေဆာ၊ ဘာနာဒက်စ်ခီ၊ ဘယ်လော့တီတို့နဲ့ လူစားလဲ အနားပေးသွားခဲ့ပြီး ပွဲကို ထိန်းကစားသွားခဲ့သလို တူရကီတို့ကတော့ ဂိုးအစား ပြိုင်ပွဲရဲ့ ပထမဆုံး အဝါကတ်ကိုပဲ နောက်ခံလူ ဆိုယွန်ကျူးနဲ့ ရယူသွားခဲ့ပြီး နည်းပြ ဆီနိုးလ် ဂူးနက်စ်လက်ထဲမှာ တုံ့ပြန်နိုင်စွမ်းမရှိတဲ့ ပုံစံကိုပဲ ပြသနေခဲ့တာကြောင့် ကစားသမားကောင်းတွေနဲ့ အိမ်ပြန်ရမယ့်အသင်းလို့ ထင်ကြေးပေးစရာပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နည်းပြ ရောဘတ်တို မန်ချီနီရဲ့ အဖြူရောင် အဇူရီတို့တို့ ယူရိုပြိုင်ပွဲအဖွင့်ကို လှပစွာနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ဒီပွဲရလဒ်ကြောင့် အီတလီအသင်းအနေနဲ့ အုပ်စု(A)မှာ ဝေးလ်စ်နဲ့ ဆွစ်ဇာလန်တို့ မကစားခင် သုံးမှတ်အပြည့်နဲ့ ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.