နှလုံးဖောက်သွားသော အဲရစ်ဆန် သတင်းများ

ဒိန်းမတ်နှင့် ဖင်လန်အသင်းတို့ ယှဉ်ပြိုင်သော ယူရို 2021 ပြိုင်ပွဲ ပွဲစဉ် ပထမပိုင်း 45 မိနစ် မပြီးမီတွင် ဒိန်းမတ်အသင်း၏ ကွင်းလယ်ကစားသမား အဲရစ်ဆန် သည် ရုတ်တရက်လဲကျသွားသည်။အဲရစ်ဆန်သည် ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့် လဲကျသွားခြင်းဖြစ်ဖွယ်ရှိသည်။ ဒိန်းမတ်အသင်းခေါင်းဆောင် ကေဂျာသည် အသက် 29 နှစ်အရွယ်ရှိ အဲရစ်ဆန်၏ ဘေးသို့ ချက်ခြင်းရောက်လာခဲ့ပြီး သတိလစ်နေသော အဲရစ်ဆန်ကို သူ၏လျှာအား ပြန်မမျိုချမိစေရန် ကူညီနိုင်ခဲ့ပြီး ရှေးဦးသူနာပြုနည်းလည်း ဆောင်ရွက်ခဲ့သည်။

ကွင်းလယ်ဒိုင်တေလာက ဆေးအဖွဲ့ကို ကွင်းအတွင်းသို့ ချက်ခြင်းခေါ်ခဲ့သလို အသင်းခေါင်းဆောင် ကေဂျာက ဒိန်းမတ်အသင်းသားများကို အဲရစ်ဆန်အနီးတွင် ဝိုင်းကာထားကာ တတ်နိုင်သမျှဆေးကုသရာတွင် လုံခြုံမှုရှိစေရေး ဆောင်ရွက်ခဲ့သည်။ အဲရစ်ဆန်၏ အဖြစ်အပျက်ကြောင့် နှစ်ဘက်အသင်းသားများလည်း အံ့သြထိတ်လန့်ခဲ့သည်။ ကေဂျာက ကွင်းဘေးတွင် ငိုယိုနေသော အဲရစ်ဆန်၏ ဇနီးကိုလည်း သွားရောက်နှစ်သိမ့်ခဲ့သည်။

အဲရစ်ဆန်ကို ကွင်းအတွင်းတွင် ဆေးကုသမှုပြုလုပ်ပြီးနောက် ဆေးရုံသို့ ချက်ခြင်းပို့ဆောင်ခဲ့သည်။ အင်္ဂလန်ရှိ နှလုံးအထူးကုဆရာဝန်တစ်ဦးက အသင်းခေါင်းဆောင် ကေဂျာ၏ မှန်ကန်သော ဆုံးဖြတ်ချက်များကိုချီးကျူးခဲ့ပြီး ထိုသို့ထိရောက်သော ကူညီမှုများရရှိခြင်းမျာ အဲရစ်ဆန် ကံကောင်းသည်ဟု ပြောဆိုခဲ့သည်။ ဒိန်းမတ်အသင်းမန်နေဂျာ ယူလ်မန်းက ဒိန်းမတ်အသင်းသားတချို့သည် အဲရစ်ဆန်၏ အဖြစ်အျက်ကို ကြည့်ရှုပြီးနောက် များစွာခံစားခဲ့ရပြီး ပွဲကို ဆက်ကစားနိုင်သော အခြေအနေတွင် မရှိတော့ကြောင်း ပြောဆိုခဲ့သည်။ ဒိန်းမတ်အသင်းမန်နေဂျာ က သူ၏ အသင်းအနေဖြင့်ပွဲကို ဆက်ကစားမလား တနင်္ဂနွေနေ့သို့ ရွှေ့မလားဟု ရွေးချယ်ရန်ရှိခဲ့သော်လည်း ဆေးရုံတွင် အဲရစ်ဆန် အခြေအနေကောင်းကြောင်းသိရပြီးနောက် လက်ကျန်ပွဲချိန်ကို ဆက်ကစားရန် ရွေးချယ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဒိန်းမတ်အသင်းမန်နေဂျာက ယမန်နေ့ညက အတွေ့အကြုံသည် စိတ်ဒဏ်ရာရစရာတစ်ခုဖြစ်သည်ဟု ဆိုသည်။ ဖင်လန်အသင်းက 1-0 ဂိုးဖြင့် ဒိန်းမတ်အသင်းကိုအနိုင်ရရှိခဲ့သော်လည်း အဲရစ်ဆန်၏ အဖြစ်အပျက်ကြောင့် ပွဲရလဒ်မှာ အရေးမပါသကဲ့သို့ဖြစ်ခဲ့သည်။“ခက်ခဲတဲ့ညနေခြင်းဖြစ်ပြီး ဘဝမှာ ဘာကအရေးကြီးလဲဆိုတာ ကျွန်တော်တို့ကို သတိရစေခဲ့ပါတယ်” ဟု ဒိန်းမတ်မန်နေဂျာက ပြောဆိုခဲ့သည်။
အဲရစ်ဆန်သည် ကွင်းအတွင်း နှလုံးရပ်သွားပြီး အသက်မရှူနိုင်ဖြစ်သွားခြင်းကို ခံစားရဖွယ်ရှိကြောင်း စပါးစ်အသင်း၏ နှလုံးအထူးကုဆရာဝန်ဟောင်းက ပြောဆိုခဲ့သည်။ ပရော်ဖက်ဆာ ရှားဟားသည် 2013 မှ 2020 အထိ စပါးစ်အသင်းသားကို ပုံမှန်စစ်ဆေးပေးခဲ့သူတစ်ဥိးဖြစ်ပြီး အဲရစ်ဆန်သည် နှလုံးရောဂါခံ ပြသာနာရှိသူမဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုဆရာဝန်က အဲရစ်ဆန်သည် အလျင်အမြန်ပြန်လည်သက်သာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အဲရစ်ဆန်၏ နှလုံးသည် 5 မိနစ်ခန့်ရပ်သွားကြောင်း သတင်းများက ဖော်ပြသည်။

နှလုံးရပ်ခြင်း ဝေဒနာကို ခံစားခဲ့ရသော အဲရစ်ဆန်သည် အီတလီတွင် ဘောလုံးဆက်ကစားရန် ဖြစ်နိုင်တော့မည်မဟုတ်ကြောင်း နှလုံးအထူးကုဆရာဝန်တစ်ဦးက ပြောဆိုခဲ့သည်။ အင်္ဂလန်နှလုံးအထူးကုဆရာဝန်တစ်ဦးဖြစ်သူ ပေါလ်မာရေးက အီတလီသည် ဘောလုံးကစားရင်းနှလုံးဖောက်သည်ကို လက်မခံကြောင်း ထို့ကြောင့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်သည် စီးရီးအေတွင် ဘောလုံးဆက်ကစားရန်မဖြစ်နိုင်တော့ကြောင့် ပြောဆိုခဲ့သည်။” အဲရစ်ဆန်ရဲ့ အီတလီစီးရီးအေကစားသမားဘဝပြီးဆုံးသွားတာဖြစ်နိုင်ပါတယ်။ အီတလီမှာ နှလုံးပုံမှန်မဟုတ်ကြောင်းထင်ထင်ရှားရှားရောဂါလက္ခဏာပြထားသူတွေကို အားကစားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်မပြုပါဘူး။ ဒီစည်းမျဉ်းချထားတာ နှစ်ပေါင်း 20 လောက်ရှိပါပြီ” ဟု ပြောဆိုခဲ့သည်။

အဲရစ်ဆန်သည် ထမ်းစဉ်ဖြင့် ကွင်းအတွင်းမှ ထွက်စဉ်တွင် အောက်စီဂျင်ပိုက်တပ်ထားခဲ့ရသည်။ အဲရစ်ဆန်သည် ကောင်းစွာသတိရကြောင်းနှင့် ဆေးကုသမှုများကို ခံယူနေကြောင်း ပြောဆိုခဲသည်။ အဲရစ်ဆန်သည် စကားပြောနိုင်ကြောင်း သူ၏ အေးဂျင့်ဖြစ်သူက အခြေအနေတည်ငြိမ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

အဲရစ်ဆန်၏ အင်တာမီလန်အသင်းဖော် လူကာကူက ရုရှားနှင့်ပွဲတွင် ပထမဦးဆုံးဂိုးသွင်းယူပြီးနောက် ကင်မရာရှေ့သို့ သွားကာ “ခရစ္စ၊ မင်းကို ချစ်တယ်” ဟု ပြောဆိုခဲ့ပြီး ထိုဂိုးသည် အဲရစ်ဆန်ကို ရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်။အဲရစ်ဆန်သည် ဆေးရုံတွင် တည်ငြိမ်သော အခြေအနေရှိနေပြီး သူ၏ ဒိန်းမတ်အသင်းကစားဖော်များနှင့် စကားပြောပြီးပြီဖြစ်ကြောင်း ဒိန်းမတ်အသင်းနည်းစနစ်ဒါရိုက်တာ ဖိုလာက ပြောဆိုခဲ့သည်။အဲရစ်ဆန်၏ အဖြစ်အပျက်အပြီးတွင် ပွဲကို ဆက်ကစားစေခဲ့သော ယူအီးအက်အေကို ပရိသတ်အချို့က ဝေဖန်ခဲ့သည်။2012 ခုနှစ်တွင် စပါးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ဘော်လ်တန်အသင်းကွင်းလယ်လူ မူအမ်ဘာသည် နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျခဲ့ဖူးသည် မူအမ်ဘာသည် ဘောလုံးကစားခြင်းမှ အနားယူခဲ့ရသည်။

2007 ခုနှစ်တွင် ဆီဗီလာအသင်းကွင်းလယ်လူ ပူအာတာသည် ဂီတာဖေးနှင့်ကစားစဉ် နှလုံးရပ်သဖြင့်လဲကျသွားခဲ့သည်။ အဝတ်လဲခန်းအတွင်းသို့ ပူအာတာသည် လမ်းလျှောက်ပြန်လာနိုင်ခဲ့သော်လည်း ထပ်မံလဲကျသဖြင့် ဆေးရုံသို့ တင်ခဲ့ရာ နောက်ပိုင်းတွင် ပြန်မကောင်းနိုင်သော ဦးနှောက်ပျက်စီးမှုကြောင့် သေဆုံးခဲ့ရသည်။ ထိုအချိန်တွင် ပူအာတာ၏ အသက်မှာ 22 နှစ်သာ ရှိသေးသည်။2003 ခုနှစ်တွင် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ကင်မရွမ်းနှင့် ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် ကွင်းလယ်လူ ဗီလီယံဖိုးသည် နှလုံးဖောက်ခြင်းကြောင့် ကွင်းအတွင်းသို့လဲကျရာ ၎င်းကို ကွင်းပြင်သို့ထုတ်ပြီးဆေးအဖွဲ့က နှလုံးကို ပြန်နှိုးသော်လည်း အချိန်မီပြန်မနှိုးနိုင်ဘဲ 45 မိနစ်အကြာတွင် သေဆုံးခဲ့သည်။

Credit – innar journal

Unicode









Credit – innar journal